အခု မတ်လနှောင်းပိုင်းမှာ ဆွစ်ဇာလန် အိုင်ဗရီကို့စ်အသင်းတွေနဲ့ နိုင်ငံတကာချစ်ကြည်ရေး ပွဲစဉ်တွေအဖြစ် ယှဉ်ပြိုင်သွားမယ့် အင်္ဂလန်လက်ရွေးစင်အသင်းဟာ ကစားသမားရွေးချယ်မှုတွေကို ပြုလုပ်ခဲ့ရာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ မားကပ်စ်ရပ်ရှ်ဖို့ဒ်နဲ့ ဂျေဒန်ဆန်ချိုတို့အပြင် မန်ချက်စတာစီးတီးအသင်းရဲ့ ညာနောက်ခံလူ ကိုင်ဝေါ်လ်ကာတို့ ချန်လှပ်ခံခဲ့ရပြီး ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ နောက်ခံကစားသမား မာ့စ်ဂူဟီက ပထမဆုံးအကြိမ်အဖြစ်နဲ့ ရွေးချယ်ခံခဲ့ရပါတယ်။

Photo Credit : The Sun

အင်္ဂလန်နည်းပြ ဂါရတ်ဆောက်ဂိတ်ဟာ အသင်းရဲ့တိုက်စစ်ပိုင်းအတွက် အေဘရာဟမ် ဖိုဒန် ဂရီးလစ်ရှ် ဟာရီကိန်း ဆာခါ စမစ်ရိုးနဲ့ စတာလင်တို့ကိုသာ ရွေးချယ်သွားခဲ့ပြီး ယူနိုက်တက်မှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ ရပ်ရှ်ဖို့ဒ်နဲ့ နောက်ပိုင်းပွဲတွေမှာ ယူနိုက်တက်အသင်းနဲ့ ပိုမိုအံ့ဝင်ခွင်ကျ ဖြစ်လာခဲ့တဲ့ ဂျေဒန်ဆန်ချိုကိုပါ လူစာရင်းကနေ ချန်လှပ်သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်အသင်းမှာ ပရိသတ် ဝေဖန်ခံရဆုံး ဖြစ်နေရတဲ့ နောက်ခံကစားသမား ဟယ်ရီမက်ဂွိုင်းယားကိုတော့ ဆောက်ဂိတ်က ဘင်ဝှိုက် ဂျွန်စတုန်းစ် ကိုအာဒီ တိုင်ရုန်းမင်းစ်တို့လို ဗဟိုခံစစ်မှူးတွေနဲ့အတူ ရွေးချယ်ခဲ့သလို ချယ်လ်ဆီးအကယ်ဒမီထွက် ပဲလေ့စ်နောက်ခံလူ ဂူဟီကိုလည်း ပထမဆုံးအကြိမ်အဖြစ် ရွေးချယ်သွားခဲ့ပါတယ်။

Photo Credit : Sky Sports

ခံစစ်ပိုင်းအားနည်းမှုကြောင့် ဒီရာသီတစ်ခုလုံးမှာ ယူနိုက်တက်အသင်းရဲ့ ဝေဖန်ခံရဆုံံး ကစားသမားတစ်ဦး ဖြစ်နေရတဲ့ မက်ဂွိုင်းယားကို လက်ရွေးစင်အသင်းရဲ့ လူစာရင်းထဲ ထည့်သွင်းရွေးချယ်ခဲ့တာနဲ့ပတ်သက်ပြီး ဆောက်ဂိတ်က “မက်ဂွိုင်းယားက ကျွန်တော်တို့အသင်းကို ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်နဲ့ ယူရိုဖိုင်နယ်အထိ ပို့ဆောင်ပေးနိုင်ခဲ့တဲ့ ကစားသမားတွေထဲမှာ တစ်ယောက်အပါအဝင် ဖြစ်နေတဲ့သူပါ။ ကလပ်အသင်းက ခက်ခဲတဲ့ အချိန်တွေကို ဖြတ်ကျော်နေရတာ ကျွန်တော် သိပါတယ်။ အဲ့လိုအချိန်မှာ ခင်ဗျားရဲ့ အကောင်းဆုံး ကစားသမားက ဘယ်သူလဲဆိုတာကို ကြည့်ရမယ်။ သူက အဲ့ဒီအဖွဲ့ထဲမှာ ပါဝင်နေတဲ့သူပါ။ အခု သူရဲ့ ခြေစွမ်းပိုင်း မတည်မငြိမ် ဖြစ်နေမှုက ယာယီပါ။ သူက ကျွန်တော်တို့အတွက် အကောင်းဆုံး ဗဟိုနောက်ခံလူတွေထဲက တစ်ဦးပါပဲ။ ဟယ်ရီက လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း(၄၀)ထိ ကစားထားနိုင်တဲ့ သန်မာပြီး တသမတ်တည်းရှိတဲ့ ကစားသမားပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Odu News

ယူနိုက်တက်မှာ အထိုင်ကျလာတဲ့ ဆန်ချိုကို ချန်လှပ်ခဲ့ရတာနဲ့ ပတ်သက်ပြီးကိုလည်း ဆောက်ဂိတ်က “ခင်ဗျားအနေနဲ့ အသင်းအတွက် တခြားတိုက်စစ်ကစားသမားတွေကို ကြည့်တဲ့အခါမှာ ဆာခါ စမစ်ရိုး ဖိုဒန်တို့ ရှိနေတယ်။ မန်ချက်စတာယူနိုက်တက်အသင်းမှာ ဆန်ချိုရဲ့ စွမ်းဆောင်ရည်က ပိုကောင်းလာပေမယ့် သူကစားတဲ့နေရာက ကြီးမားတဲ့ ပြိုင်ဆိုင်မှုတွေ ရှိနေတဲ့ နေရာတစ်ခုပါပဲ” လို့ ရှင်းလင်းသွားခဲ့ပါတယ်။