ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းတွေထဲက တစ်သင်းဖြစ်တဲ့ မန်ယူအသင်းရဲ့ အဓိက ကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ လူငယ် တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်ဟာ ဥရောပ ထိပ်သီးအသင်းတွေရဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့ပေမယ့် မန်ယူအသင်းမှာပဲ ဆက်လက် နေထိုင်ဖို့ အတွက် ရွေးချယ်ခဲ့တယ်လို့ သိရှိရပါတယ်။ မန်ယူအသင်းရဲ့ ဂန္တဝင် ဘယ်နောက်ခံလူ တစ်ဦးလည်း ဖြစ်သလို လက်ရှိအချိန်အထိ အသင်းမှာ ရှိတဲ့ ကစားသမားတွေနဲ့ အဆက်အသွယ် မပြတ်သေးတဲ့ ဘယ်နောက်ခံလူဟောင်း ပက်ထရစ် အီဗရာက ရက်ဖို့ဒ်ဟာ ထိပ်သီး အသင်းများစွာရဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့ဖူးပြီး အဆိုပါ ကမ်းလှမ်းမှုတွေကို ရက်ဖို့ဒ်ကိုယ်တိုင် ပယ်ချကာ မန်ယူအသင်းမှာ နေထိုင်သွားခဲ့တာ ဖြစ်ကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့တာပါ။

Photo Credit: Tribuna

အသက်၂၂နှစ်အရွယ်သာ ရှိသေးတဲ့ မားကပ် ရက်ဖို့ဒ်ဟာ မန်ယူအသင်းရဲ့ အကယ်ဒမီကနေ ထွက်ပေါ်လာသူ တစ်ဦး ဖြစ်ပြီး နည်းပြဗန်ဟား ရဲ့ လက်အောက်မှာ ပွဲထွက်ကစားခွင့်ကို စတင် ရရှိခဲ့သူပါ။ အဲ့ဒီနောက်မှာတော့ ရက်ဖို့ဒ်ဟာ အသင်းရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်လာခဲ့ပြီး လက်ရှိ စပါးအသင်းရဲ့ နည်းပြ မော်ရင်ဟို တစ်ယောက် မန်ယူအသင်းကို ကိုင်တွယ်ခဲ့စဉ် မှာ မန်ယူအသင်းဟာ ရက်ဖို့ဒ်အတွက် ထိပ်သီး အသင်းတွေရဲ့ ကမ်းလှမ်းမှုတွေကို ရခဲ့ပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ ရက်ဖို့ဒ် ကို ခေါ်ယူဖို့အတွက် ဥရောပ ထိပ်သီးအသင်း နှစ်သင်း ဖြစ်တဲ့ စပိန်ကလပ် ဘာစီလိုနာ အသင်းနဲ့ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းတို့ က ကမ်းလှမ်းခဲ့ကြောင်း သိရပြီး မန်ယူအသင်း ဘက်က အဆိုပါ ကမ်းလှမ်းမှုတွေနဲ့ ပတ်သတ် ပြီး မဆုံးဖြတ်ရသေးခင်မှာပဲ ရက်ဖို့ဒ်ဟာ အဆိုပါ ကမ်းလှမ်းမှုနှစ်ခုစလုံးကို ငြင်းဆန်သွားခဲ့ပါတယ်။

Photo Credit: Tribuna

မားကပ်ရက်ဖို့ဒ်ဟာ မန်ချက်စတာမြို့မှာ မွေးဖွားသူ တစ်ဦး ဖြစ်ပြီး အသက်၁၁နှစ် အရွယ်ကတည်းက မန်ယူအသင်းထံ ရောက်ရှိခဲ့သူ ဖြစ်တာ ကြောင့် မန်ယူရဲ့ ငယ်မွေးခြံပေါက် ကစားသမားတစ်ဦးအဖြစ် သတ်မှတ်လို့ရသူ တစ်ဦးပါ​။ Sky News သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ အီဗရာက ရက်ဖို့ဒ်ရဲ့ မန်ယူအသင်းအပေါ် သစ္စာစောင့်သိမှုတွေကို အခုလိုပဲ ရှင်းပြ ပြောဆိုခဲ့ပါတယ်။ အီဗရာက ” ရက်ဖို့ဒ်က မော်ရင်ဟိုရဲ့ လက်အောက်မှာ ကစား နေရတဲ့ အချိန်တုန်းက ကျွန်တော် သူနဲ့ စကားပြောဖြစ်ခဲ့ပါတယ်။ အဲ့ဒီအချိန်တွေက သူ့အတွက် သိပ်ပြီးတော့ မကောင်းခဲ့ပါဘူး။ သူက မန်ယူအသင်းမှာ ရုန်းကန်နေရတဲ့ အချိန်မှာပဲ သူ့ကို ခေါ်ယူဖို့အတွက် ထိပ်တန်းအသင်းတွေ က ကမ်းလှမ်းလာခဲ့ကြပါတယ်။ အဲ့ဒီတုန်းက သူပြောခဲ့တဲ့ စကားတွေကို ကျွန်တော် အမှတ်ရ နေတုန်းပါပဲ။ ပက်ထရစ် ကျွန်တော်က မန်ယူ အသင်းကနေ ဘယ်တော့မှ ထွက်ခွာသွားမှာ မဟုတ်ဘူး။ ဘာလို့လည်းဆိုတော့ ဒီအသင်း က ကျွန်တော့်အတွက် အကောင်းဆုံးအသင်းမို့လို့ပဲ ဆိုပြီး ပြောခဲ့တာပါ ” လို့ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။