MySport Myanmar

နောက်ဆုံးမိနစ်မှာ မှတ်ပုံတင်နိုင်ခဲ့တဲ့ ရပ်ရှ်ဖို့ဒ် မာယော့ကာနဲ့ပွဲရဲ့ လူစာရင်းမှာ ပါဝင်လာ

ဘာစီလိုနာအသင်းဟာ သူတို့ရဲ့ ၂၀၂၅-၂၆ လာလီဂါရာသီသစ် အဖွင့်ပွဲစဉ်အဖြစ် မာယော့ကာအသင်းနဲ့ မကစားမီ နာရီပိုင်းအလိုမှာ နွေရာသီမှာ အငှားနဲ့ခေါ်ယူထားတဲ့ တိုက်စစ်မှူး မားကပ်စ် ရပ်ရှ်ဖို့ဒ်ကို အောင်မြင်စွာ မှတ်ပုံတင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ဘာစီလိုနာဟာ သူတို့ရဲ့ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းတွေကြောင့် ကစားသမားသစ်တွေဖြစ်တဲ့ ဂျိုအန် ဂါစီယာနဲ့ ရပ်ရှ်ဖို့ဒ်တို့ကို မှတ်ပုံတင်နိုင်ဖို့ နောက်ဆုံးအချိန်အထိ ရုန်းကန်ခဲ့ရပါတယ်။ ဂါစီယာကို အရင် မှတ်ပုံတင်နိုင်ခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်ကနေ အငှားလာကစားတဲ့ ရပ်ရှ်ဖို့ဒ်အတွက်တော့ မသေချာမရေရာ ဖြစ်ခဲ့ရပြီး ပရိသတ်တွေက စိုးရိမ်ခဲ့ကြပါတယ်။

Photo Credit : Football Espana

ဒါပေမဲ့ နည်းပြ ဟန်ဆီ ဖလစ်ခ်ကတော့ မှတ်ပုံတင်ခြင်း အတည်မပြုမီကတည်းက သူ့ကို မာယော့ကာနဲ့ပွဲစဉ်အတွက် လူစာရင်းမှာ ထည့်သွင်းခဲ့ပြီး ယုံကြည်မှုအပြည့်ရှိကြောင်း ပြသခဲ့ပါတယ်။

ရပ်ရှ်ဖို့ဒ်ကို အချိန်မီ မှတ်ပုံတင်နိုင်ဖို့က ဘာစီလိုနာအတွက် အလွန်အရေးကြီးခဲ့ပါတယ်။ အကြောင်းရင်းကတော့ အသင်းရဲ့ အဓိကတိုက်စစ်မှူး ရောဘတ် လီဝန်ဒေါစကီး ဒဏ်ရာကြောင့် ဒီပွဲကို လွဲချော်ခဲ့တာကြောင့်ပါ။ လက်ရှိလူစာရင်းမှာ လာမင်း ယာမယ်၊ ရာဖင်ညာနဲ့ ဖာရန် တောရက်စ်တို့သာ တိုက်စစ်ကစားသမားအဖြစ် ပါဝင်နေပြီး အထောင်တိုက်စစ်မှူးစစ်စစ် မရှိသလောက် ဖြစ်နေပါတယ်။

Photo Credit : Football Espana

သောကြာနေ့မှာတော့ ဘာစီလိုနာဟာ သူတို့ရဲ့ကစားသမားဟောင်း ဖရန်စစ္စကို ထရင်ကာအိုရဲ့ ပြန်လည်ရောင်းချခွင့် ၅၀% ကို ရောင်းချပြီး ရန်ပုံငွေ ထပ်မံရှာဖွေနိုင်ခဲ့ပါတယ်။ ဒီရန်ပုံငွေကပဲ ရပ်ရှ်ဖို့ဒ်ကို အချိန်မီ မှတ်ပုံတင်နိုင်ဖို့အတွက် လိုအပ်တဲ့ငွေကြေးကို ဖြည့်ဆည်းပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

အခုတော့ လာလီဂါဘက်က အတည်ပြုချက်ရရှိခဲ့ပြီဖြစ်လို့ ရပ်ရှ်ဖို့ဒ်ဟာ စနေနေ့ညမှာ မာယော့ကာနဲ့ပွဲကို ပါဝင်ကစားခွင့်ရတော့မှာ သေချာသွားပါပြီ။ သူနဲ့အတူ နည်းပြ ဖလစ်ခ်ဟာ လာမာစီယာ လူငယ်ကစားသမားလေးဦးဖြစ်တဲ့ နောက်ခံလူ ဂျိုဖရီ တောရန့်စ်၊ ကွင်းလယ်လူတွေဖြစ်တဲ့ ဂီလာမို ဖာနန်ဒက်ဇ်နဲ့ ဒရို၊ တောင်ပံကစားသမား တိုနီ ဖာနန်ဒက်ဇ်တို့ကိုလည်း ပွဲစဉ်လူစာရင်းမှာ ခေါ်ဆောင်သွားခဲ့ပါတယ်။

Exit mobile version