မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်တဲ့ လူးဝစ်ဆာဟာက လက်ရှိအသင်းရဲ့ တိုက်စစ်ကစားသမား မားကပ်ရပ်စ်ဖိုဒ့်ဟာ အရည်အချင်းရှိတဲ့ ကစားသမားကောင်းတစ်ယောက် ဖြစ်နေပေမယ့်လည်း ပြိုင်ဘက်ခံစစ်ကစားသမားတွေနဲ့ ဂိုးသမားတွေကို အချိန်မရွေး ခြိမ်းခြောက်နိုင်တတ်တဲ့ ပုံစံမျိုးတွေ ကင်းမဲ့လို့နေသေးသလို ဂိုးသွင်းအားကောင်းတဲ့ World Class Striker တစ်ယောက်ရဲ့ပုံစံမျိုးကိုလည်း မရောက်ရှိသေးဘူးလို့ မှတ်ချက်ပြုပြောဆိုုလိုက်ပါတယ်။

Photo Credit : Goal

အသက်(၂၃)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမား ရပ်စ်ဖိုဒ့်ဟာ ယူနိုက်တက်အသင်းရဲ့ အဓိကတိုက်စစ်ကစားသမားတစ်ယောက်အဖြစ် ရပ်တည်နေသူဖြစ်ပြီး ဒီရာသီမှာလည်း အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း(၁၈)ပွဲအတွင်း သွင်းဂိုး(၁၀)ဂိုးအထိ ရယူပေးထားနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု (၅)ကြိမ်ထိကို လုပ်ဆောင်ထားနိုင်ပါတယ်။ ဒါပေမယ့် လူးဝစ်ဆာဟာကတော့ ရပ်စ်ဖိုဒ့်အနေနဲ့ ဒီလို စွမ်းဆောင်ရည်မျိုးကနေ နောက်တစ်ဆင့်ထိ တတ်လှမ်းလာနိုင်အောင် ကြိုးပမ်းသင့်ပြီး အသင်းရဲ့တိုက်စစ်မှူးဟောင်းတွေဖြစ်တဲ့ ခရစ္စတီယာနိုရော်နယ်ဒို ရုဒ်ဗန်နစ္စတယ်ရွိုင်းတို့လို World Class Striker တစ်ယောက် ဖြစ်လာဖို့ ဆက်လက်ကြိုးစားရဦးမယ်လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။

 

Photo Credit : Tribuna

ဆာဟာက “ရပ်စ်ဖိုဒ့်က ကမ္ဘာ့အဆင့် ရှေ့တန်းကစားသမားတစ်ယောက်ဖြစ်ပေမယ့်လည်း ကမ္ဘာ့အဆင့် တိုက်စစ်မှူးကောင်းတစ်ယောက်တော့ မဖြစ်သေးပါဘူး။ သင်အနေနဲ့ ကမ္ဘာတလွှားကို ပြန်ကြည့်လိုက်မယ်ဆိုရင် မန်ချက်စတာယူနိုက်တက်လို ကလပ်အသင်းကြီးတွေမှာ ပါဝင်ကစားနေရပြီး နိုင်ငံလက်ရွေးစင်အသင်းအတွက်ကိုလည်း အကောင်းဆုံးနေရာကနေ ပါဝင်ကစားပေးနေရတဲ့ ကစားသမားတွေ များများစားစား မရှိဘူးဆိုတာကို သိလာပါလိမ့်မယ်။ ဒါပေမယ့် ရပ်စ်ဖိုဒ့်ကတော့ ဘာမဆိုကို လုပ်ဆောင်နိုင်တဲ့ ကစားသမားပါ။ သူက ခံစစ်ပိုင်းကိုလည်း လိုက်ကူနိုင်တယ်။ တိုက်စစ်ဆင်ပြီး သွင်းဂိုးတွေရအောင် လုပ်ဆောင်နိုင်တယ်။ ဖရီးကစ်တွေကနေလည်း ဂိုးသွင်းနိုင်တယ်။ ဒါပေမယ့် အသင်းရဲ့အဓိကတိုက်စစ်မှူးဆိုတာကတော့ ဂိုးသွင်းဖို့ စိတ်အားထက်သန်သူတွေ ဖြစ်သလို ဘယ်အချိန်မဆို သွင်းဂိုးရယူဖို့ ဆန္ဒရှိနေတဲ့ အသွင်အပြင်တွေကိုလည်း သူတို့ရဲ့မျက်နှာတွေ မြင်တွေ့နိုင်ပါတယ်။ နောက်ပြီး သူတို့ဂိုးတွေ သွင်းယူလို့ရနိုင်ဖို့အတွက် နေရာလွတ်တွေကို များများရှာဖွေတတ်တယ်။ သူတို့ရဲ့ပုံစံတွေကို ကြည့်ကောင်းနေတတ်တဲ့ ပုံစံမျိုးထက် ကြောက်မက်ဖွယ်ကောင်းတဲ့ ပုံစံမျိုးကို မြင်တွေ့နေရတတ်တယ်။ ဒါတွေက ကျွန်တော် ထရာဇီဂေးတို့ နစ္စတယ်ရွိုင်းဆီကနေ သင်ယူခဲ့ရပါတယ်။ ရပ်စ်ဖိုဒ့်ကတော့ အသက်လည်း ငယ်နေသေးတာမို့ ရှေ့ဆက်ကြိုးစားသွားလို့ ရပါသေးတယ်။ ခရစ္စတီယာနိုဆိုလည်း သူ့လိုပါပဲ။ အခုတော့ ခရစ္စတီယာနိုဟာ တကယ့်ကို တိုက်စစ်မှူးကောင်းတစ်ယောက် ဖြစ်နေပါပြီ။ တိုက်စစ်မှူးကောင်းဖြစ်ဖို့က သူရဲ့စိတ်နေစိတ်ထားနဲ့ သွင်းဂိုးတွေကို ဆာလောင်တဲ့စိတ် ရှိနေရမယ်” လို့ မှတ်ချက်ပြုပြောဆိုလိုက်ပါတယ်။