MySport Myanmar

၂၀၂၃ခုနှစ်ရဲ့ အကောင်းဆုံး ဘယ်တောင်ပံ ကစားသမား အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ရက်ဖို့ဒ်

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဘယ်တောင်ပံတိုက်စစ် ကစားသမား မားကပ် ရက်ဖို့ဒ်က ၂၀၂၃ခုနှစ်ရဲ့ စွမ်းဆောင်ရည် အကောင်းဆုံး ဘယ်တောင်ပံ ကစားသမား အဖြစ် သတ်မှတ်ခံခဲ့ရကြောင်း သိရှိရပါတယ်။

အသက် ၂၆နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား မားကပ် ရက်ဖို့ဒ်က ယခုနှစ် ဘောလုံးရာသီမှာ ပုံမှန် ခြေစွမ်းကောင်း တရပ် ပြသနိုင်ဖို့ ရုန်းကန်နေရပေမယ့် ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ရာသီမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ အထိ ခြေစွမ်းကောင်းတွေ ပြသခဲ့သူပါ။

Photo Credit: Sky Sports

မားကပ် ရက်ဖို့ဒ်က ယခုနှစ် ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ သွင်းဂိုး ၂ဂိုးထဲသာ သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၄ကြိမ်သာ ရရှိထားပေမယ့် ပြီးခဲ့တဲ့ရာသီမှာ ပြိုင်ပွဲစုံ သွင်းဂိုး ၃၀ဂိုး အထိ ရရှိခဲ့သလို ဂိုးဖန်တီးမှု ၁၁ကြိမ်လည်း လုပ်နိုင်ခဲ့ပါတယ်။

ရက်ဖို့ဒ်က ၂၀၂၃ခုနှစ် အတွင်းမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံ သွင်းဂိုး ၂၆ဂိုး အထိ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁၂ကြိမ် ရရှိခဲ့ပြီး သူဟာ မန်ချက်စတာ ယူနိုက်တက်နဲ့အတူ ကာရာဘောင်းချန်ပီယံ ဖြစ်ခဲ့သလို အက်ဖ်အေဖလားပြိုင်ပွဲရဲ့ ငွေတံဆိပ်ကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Photo Credit: OPTA Analyst

နိုင်ငံတကာ ဘောလုံးရေးရာ အချက်အလက် စုဆောင်းရေး အဖွဲ့အစည်း ဖြစ်တဲ့ CIESရဲ့ တွက်ချက်မှုတွေအရ ရက်ဖို့ဒ်ဟာ ၂၀၂၃ခုနှစ် အတွင်းမှာ စွမ်းဆောင်ရည် ၈၁.၈မှတ် အထိ ရှိခဲ့တာကြောင့် ၂၀၂၃ခုနှစ်ရဲ့ အကောင်းဆုံး ဘယ်တောင်ပံ ကစားသမား အဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း သိရပါတယ်။

ရက်ဖို့ဒ်ရဲ့ အနောက်မှာတော့ မန်ချက်စတာ စီးတီးနဲ့အတူ ဆုဖလား ၃လုံး ရယူနိုင်ခဲ့တဲ့ ဂရီးလစ်ရှ်က ဒုတိယမြောက် စွမ်းဆောင်ရည် အကောင်းဆုံး ဘယ်တောင်ပံ ကစားသမား ဖြစ်ခဲ့ပြီး တတိယမြောက် စွမ်းဆောင်ရည် အကောင်းဆုံး ဘယ်တောင်ပံ ကစားသမားကတော့ ဂျပန်ကြယ်ပွင့် မီတိုမာပဲ ဖြစ်ပါတယ်။

Exit mobile version