ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ မားကပ် ရက်ဖို့ဒ် ကတော့ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းထံ ပြန်ရောက်လာတဲ့ အသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူး ရိုနယ်ဒိုကြောင့် သူတို့အသင်းဟာ ယခုနှစ်မှာ ဆုဖလားတွေ ရရှိအောင် ကြိုးစားနိုင်လိမ့်မယ်လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

အသက် ၃၆နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် ရိုနယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ သမိုင်းမှာ အကောင်းဆုံး ကစားသမားတွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ကာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာတော့ စီးရီးအေ အင်အားကြီးကလပ် ဂျူဗင်တပ်အသင်း ကနေ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြန်လည် ပြောင်းရွှေ့လာသူပါ။

Photo Credit: Mirror

ရိုနယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက်အသင်းထံ ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ပြန်လည် ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံမှာ ၆ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၅ဂိုး သွင်းယူထားနိုင်ပါတယ်။

အသက် ၂၃နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်ကတော့ ပခုံးဒဏ်ရာနဲ့ ဒူးခေါင်းဒဏ်ရာတို့ကို ခွဲစိတ်မှု ခံယူထားတာကြောင့် ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပါဝင် ကစားပေးနိုင်ခြင်း မရှိသေးပဲ လက်ရှိမှာတော့ ပုံမှန်အတိုင်း လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ပြီ ဖြစ်တာကြောင့် မကြာခင်မှာ ပါဝင် ကစားပေးနိုင်ဖွယ် ရှိပါတယ်။

Photo Credit: Mirror

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက်အသင်း အတွက် အဓိက တိုက်စစ်မှူး ဖြစ်ခဲ့သူ မားကပ် ရက်ဖို့ဒ်ကတော့ အသင်းထံ ရိုနယ်ဒို ပြန်လည် ရောက်ရှိလာတာနဲ့ ပတ်သတ်ပြီး အတော်လေး ပျော်ရွှင်နေသလို ရိုနယ်ဒိုက သူတို့အသင်းကို ဆုဖလားတွေ ရရှိအောင် ကူညီနိုင်မယ်လို့ ယုံကြည်ကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

ရက်ဖို့ဒ်က – “ ရိုနယ်ဒိုကို အသင်းမှာ ပြန်ပြီး မြင်တွေ့ခွင့်ရတာကြောင့် ကစားသမား တဦး အနေနဲ့ရော ပရိသတ်တဦး အနေနဲ့ပါ ပျော်ရွှင်မိပါတယ်။ အသင်းရဲ့ ဂန္တဝင် ကစားသမား တဦးက အသင်းဆီ ပြန်ရောက်လာတာကို မြင်ရတာဟာ အရမ်း ကောင်းပါတယ်။ အိုးထရက်ဖို့ဒ်မှာ သူနဲ့အတူ တွဲဖက် ကစားရမှာကို တွေးမိရင်း ပျော်ရွှင်မိသလို သူက ကျွန်တော်တို့ကို ဆုဖလားတွေ ရရှိအောင် ကူညီပေးနိုင်မယ်လို့ ယုံကြည်နေပါတယ်” ဆိုပြီး ပြောကြားခဲ့တာပါ။