ပရီးမီးယားလိဂ် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူး ဖြစ်သူ မားကပ်ရက်ဖို့ဒ်ဟာ ယခုနှစ် အတွင်းမှာ ဗြိတိန်နိုင်ငံ တစ်ဝှမ်းမှာ ရှိတဲ့ ကလေးငယ်တွေ အတွက် အစာရေစာ ရရှိအောင် ပရဟိတ လုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို ပြုလုပ်ခဲ့တာကြောင့် ကမ္ဘာ့ နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ BBCကနေ ပေးအပ်ချီးမြှင့်တဲ့ Expert Panel Award ကို ရရှိခဲ့ကြောင်း သိရပါတယ်။ အသက် ၂၃နှစ် အရွယ်သာ ရှိသေးတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ အင်္ဂလန်အသင်းရဲ့ အဓိက လူငယ် တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်ဟာ ငယ်စဉ်က ဆင်းရဲတဲ့ မိသားစုက‌နေ ပေါက်ဖွားလာသူ တစ်ဦးဖြစ်ပြီး စားစရာ မရှိတဲ့ နေ့ရက်ပေါင်း များစွာကို ဖြတ်သန်းခဲ့ရတဲ့ ကစားသမား တစ်ဦးပါ။

Photo Credit: BBC

မားကပ် ရက်ဖို့ဒ်ရဲ့ မိဘတွေဟာ သာမန် လူတန်းစားတွေ ဖြစ်သလို မိသားစုရဲ့ ဝင်ငွေဟာ ပုံမှန် မရှိတာကြောင့် ဝင်ငွေမရှိတဲ့ နေ့ရက်တွေမှာ သားသမီးတွေကိုသာ စားစရာတွေ ပေးခဲ့ပြီး သူမဟာ တစ်နေ့လုံး ဘာမှ မစားရတဲ့ နေ့ရက်တွေတောင် ရှိကြောင်း မားကပ် ရက်ဖို့ဒ်ရဲ့ မိခင်ဖြစ်သူဟာ ပြီးခဲ့တဲ့ တစ်ပတ်မှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြား ထားပါတယ်။ ဒါ့ကြောင့် နာမည်ကျော် ကစားသမား တစ်ဦး ဖြစ်လာချိန်မှာ မားကပ်ရက်ဖို့ဒ်ဟာ ပရဟိတ လုပ်ငန်းတွေကို အဆက်မပြတ် လုပ်ဆောင်ခဲ့ပြီး အထူးသဖြင့် ကိုဗစ်ကာလ အတွင်းမှာ အစိုးရကျောင်းတွေကို ပိတ်ခဲ့တာကြောင့် နေ့လယ်စာ စားရဖို့ ကျောင်းတွေကို မှီခိုနေရတဲ့ ဆင်းရဲတဲ့ မိသားစုမှ ကလေးငယ်တွေ အတွက် စားစရာ ရရှိအောင် ဦးဆောင်ပြီး အလှူ‌ငွေ ကောက်ခံမှုတွေ ၊ ဗြိတိန်နိုင်ငံရဲ့ အစိုးရထံ စာပေးပို့ တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။

Photo Credit: BBC

မားကပ်ရက်ဖို့ဒ်ရဲ့ ကြိုးပမ်းမှုကြောင့်ပဲ ကိုဗစ်ကာလ အတွင်းမှာ ဗြိတိန်နိုင်ငံမှာ ရှိတဲ့ ကလေးငယ် ၅သန်းခန့်ဟာ ကိုဗစ်ကာလ အတွင်းမှာ လုံလောက်တဲ့ စားစရာတွေ ရရှိခဲ့ပါတယ်။ ဒါ့အပြင် ဗြိတိန်နိုင်ငံ တစ်ဝှမ်းမှာလည်း ရက်ဖို့ဒ်ရဲ့ ပရဟိတအဖွဲ့နဲ့ ပူးပေါင်းပြီး ကလေးငယ်တွေိကို စားစရာ လှူဒါန်းပေးတဲ့ စားသောက်ဆိုင်တွေလည်း အတော်လေးကို ပေါများလာခဲ့ပါတယ်။ BBCကနေ ပေးအပ်ချီးမြှင့်တဲ့ Expert Panel Special Award ကို ရရှိပြီးနောက် မားကပ်ရက်ဖို့ဒ် ကလည်း အဆိုပါဆုဟာ ပြီးခဲ့တဲ့ ၁၂လ အတွင်းမှာ ကလေးငယ်တွေ အစားအစာ စားရဖို့အတွက် လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ကြတဲ့ အလှူရှင်တွေနဲ့ သက်ဆိုင်ကြောင်း ဆိုသွားခဲ့ပါသေးတယ်။ မားကပ်ရက်ဖို့ဒ်က “ပြီးခဲ့တဲ့ ၁၂လ အတွင်းမှာ ကလေးငယ်တွေ အစားအစာ ရရှိဖို့ အတွက် ပါဝင် ကူညီခဲ့ကြတဲ့ အလှူရှင်တွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီဆုဟာ ခင်ဗျားတို့နဲ့ သက်ဆိုင်ပါတယ်” ဆိုပြီး သူ့ရဲ့ တွစ်တာအကောင့် ကနေ တဆင့် ဖော်ပြ သွားခဲ့တာပါ။ ဆက်စပ် သတင်းတွေ အရ လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ကလော့ပ်ဟာ BBCကနေ ပေးအပ်ချီးမြှင့်တဲ့ တစ်နှစ်တာ အကောင်းဆုံး နည်းပြဆုကို ရရှိခဲ့ကြောင်း သိရပါတယ်။