ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က ပြီးခဲ့တဲ့ သောကြာနေ့မှာ ဖျားနေတယ်လို့ အသင်းဆီ လိမ်လည် သတင်းပို့ကာ ကလပ်တက်ခဲ့တဲ့ အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်ကို ပြင်းထန်တဲ့ ငွေဒဏ်တရပ် ချမှတ်ကာ အပြစ်ပေးတော့မယ်လို့ အင်္ဂလန် အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ အကယ်ဒမီထွက် တိုက်စစ်ကစားသမား မားကပ် ရက်ဖို့ဒ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်ခဲ့တဲ့ အထိ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ ဒဏ်ရာပြဿနာ တချို့ကြောင့် ပုံမှန်ခြေစွမ်း တရပ် ရဖို့ ရုန်းကန်နေရပါတယ်။

Photo Credit: The Sun

မားကပ် ရက်ဖို့ဒ်က ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၂၆ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၄ဂိုးသာ သွင်းယူပေးထားနိုင်ပြီး သူ့ရဲ့ ခြေစွမ်းကျဆင်းမှုက ယူနိုက်တက်ရဲ့ သွင်းဂိုးနည်းပါးနေမှုနဲ့ တိုက်ရိုက် အချိုးကျနေပါတယ်။

မားကပ် ရက်ဖို့ဒ်က ဒီရာသီမှာ ခြေစွမ်းကျနေပေမယ့် လေ့ကျင့်ရေးကွင်းမှာ ကြိုးကြိုးစားစား မလေ့ကျင့်ပဲ အပျော်အပါးပါ မက်နေကာ ရက်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့တွေမှာ မြောက်အိုင်ယာလန်နိုင်ငံရဲ့ မြို့တော် ဖြစ်တဲ့ ဘယ်လ်ဖက်စ်မှာ ရှိတဲ့ သွန်ပဆန် ဂါရေ့ချ်နိုက်ကလပ်မှာ ၂ညဆက်တိုက် ပျော်ပါးခဲ့ပါတယ်။

Photo Credit: Standard

ရက်ဖို့ဒ်က နိုက်ကလပ်မှာ ၂ညဆက် ပျော်ပါးပြီးနောက် သောကြာနေ့မှာ သူက ဖျားနေတာကြောင့် လေ့ကျင့်ရေး အစီအစဉ်တွေကို လွဲချော်မယ်လို့ အသင်းဆီ လိမ်လည် သတင်းပို့ခဲပြီး မြောက်အိုင်ယာလန် ဒေသတွင်း သတင်းဌာနတွေရဲ့ ဖော်ပြချက်တွေကြောင့် သူ့ရဲ့ လိမ်လည်မှုက ဘူးပေါ်သလို ပေါ်လာခဲ့ပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Sunရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်နည်းပြချုပ် အဲရစ် တန်ဟက်ဂ်က အသင်းကို လိမ်လည် သတင်းပို့ကာ ပျော်ပါးနေခဲ့တဲ့ ရက်ဖို့ဒ်ကို အတော်လေး ဒေါသထွက်နေသလို ယူနိုက်တက်ဟာ ရက်ဖို့ဒ်ကို သူ့ရဲ့ ၂ပတ်စာ လုပ်ခလစာ ဖြစ်တဲ့ ပေါင် ၆၅၀၀၀၀ကို ဒဏ်ရိုက်ဖို့ ဆုံးဖြတ်လိုက်ကြောင်း သိရှိရပါတယ်။