မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကစားသမားတစ်ယောက်ဖြစ်တဲ့ မားကပ်စ်ရပ်ရှ်ဖိုဒ့်ဟာ မနေ့ညက ဂရန်နာဒါအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်အတွင်းမှာ အသင်းအတွက် အဖွင့်ဂိုးတစ်ဂိုးကို သွင်းယူနိုင်ခဲ့တာကြောင့် အသင်းရဲ့ ဂန္တဝင်ကစားသမားကြီး ဘော်ဘီချာတန်ရဲ့ စံချိန်မှတ်တမ်းကောင်းတစ်ခုကိုပါ အမီလိုက်နိုင်ခဲ့ပါတယ်။

 

Photo Credit : The National

အသက်(၂၃)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမား ရပ်ရှ်ဖိုဒ့်ဟာ ဂရန်နာဒါအသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ယူနိုက်တက်အတွက် ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်လို့ သူရဲ့ဒီနှစ်ရာသီအတွင်း ဥရောပပြိုင်ပွဲတွေမှာ သွင်းယူခဲ့တဲ့ သွင်းဂိုးအရေအတွက်က (၈)ဂိုးအထိကို ရှိလာခဲ့ရပါတယ်။ တိုက်စစ်မှူးရပ်ရှ်ဖိုဒ့်ဟာ ယူနိုက်တက်အသင်းနဲ့အတူ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး(၆)ဂိုး သွင်းယူခဲ့တာဖြစ်ပြီး ယူနိုက်တက်က ချန်ပီယံလိဂ်ကနေ ယူရိုပါလိဂါပြိုင်ပွဲဆီ ရောက်ရှိလာချိန်မှာလည်း အသင်းအတွက် သွင်းဂိုး(၂)ဂိုး ထပ်မံသွင်းယူခဲ့တာဖြစ်လို့ သူရဲ့ဒီရာသီ ဥရောပသွင်းဂိုးက (၈)ဂိုးအထိ ရှိလာခဲ့ရတာဖြစ်ပါတယ်။

Photo Credit : beIN SPORTS

လွန်ခဲ့တဲ့ (၅၆)နှစ် ၁၉၆၄-၁၉၆၅ ဘောလုံးရာသီတုန်းကလည်း ယူနိုက်တက်အသင်းရဲ့ ကစားသမားကြီး ဘော်ဘီချာတန်က ယူနိုက်တက်အသင်းအတွက် ဥရောပပြိုင်ပွဲမှာ သွင်းဂိုး(၈)ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်လို့ အင်္ဂလိပ်ကစားသမားတစ်ယောက်က ဘောလုံးရာသီတစ်ခုအတွင်း ဥရောပပြိုင်ပွဲထဲမှာ သွင်းဂိုး(၈)ဂိုး သွင်းယူနိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။ အခုလည်း နောက်ထပ် ယူနိုက်တက်ကစားသမားတစ်ယောက်ဖြစ်တဲ့ ရပ်ရှ်ဖိုဒ့်ကပါ သွင်းဂိုး(၈)ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် သူရဲ့စီနီယာ ဘော်ဘီချာတန်ကြီးရဲ့ စံချိန်ကို လိုက်မီနိုင်သွားခဲ့တာဖြစ်ပါတယ်။ တကယ်လို့ ရှေ့လာမယ့် ဥရောပပွဲတွေမှာသာ ရပ်ရှ်ဖိုဒ့်က အနည်းဆုံး သွင်းဂိုးတစ်ဂိုးသာ သွင်းယူနိုင်ခဲ့မယ်ဆိုရင် ဘော်ဘီချာတန်ရဲ့ စံချိန်ကိုပါ ရိုက်ချိုးသွားနိုင်တော့မှာဖြစ်ပါတယ်။ ရပ်ရှ်ဖိုဒ့်ဟာ ဒီနှစ်ဘောလုံးရာသီအတွင်းမှာ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း(၄၇)ပွဲအထိကို ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုး(၂၀) သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု (၁၂)ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ ဒီရာသီအတွင်း ပြိုင်ပွဲစုံမှာ သွင်းဂိုး(၂၀)နဲ့အထက် သွင်းယူထားခဲ့တဲ့ ကစားသမားက ရပ်ရှ်ဖိုဒ့်အပါအဝင် (၄)ဦးသာ ရှိနေပြီး ကျန်တဲ့ကစားသမားတွေကတော့ ဘရူနိုဖာနန်ဒက်စ် (၂၃)ဂိုး မိုဟာမက်ဆာလာ (၂၇)ဂိုးနဲ့ ဟာရီကိန်း (၂၉)ဂိုးတို့ပဲဖြစ်ပါတယ်။