ပရီးမီးယားလိဂ်ရဲ့ နာမည်ကျော် အသင်း တစ်သင်းဖြစ်တဲ့ မန်ယူနိုက်တက်အသင်းရဲ့ အဓိက တိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ အသက် ၂၂နှစ်အရွယ် မားကပ်ရက်ဖို့ဒ်ဟာ လက်ရှိမှာ အင်္ဂလန်နိုင်ငံ တစ်ဝှမ်းလုံးကို ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ် ပြဿနာကြောင့် စားစရာ အခက်အခဲ ဖြစ်နေတဲ့ ကလေးငယ်တွေကို ကူညီသွားဖို့ အတွက် လုပ်ဆောင်မှုတွေ ပြုလုပ်နေတယ်လို့ ကြေညာသွားခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံရဲ့ မူလတန်းကျောင်းတွေ ၊ အလယ်တန်းကျောင်းတွေ မှာ ကျောင်းသူ ကျောင်းသားတွေကို နေ့လယ်စာ အလကားကျွေးလေ့ရှိပြီး လက်ရှိမှာ ကိုရိုနာဗိုင်းရပ် ပြန့်ပွားနေတာကြောင့် အစိုးရကျောင်းတွေကို ပိတ်ထားကြပြီး ကျောင်းတွေပေါ်မှာ စားစရာ အတွက် မှီခိုနေရတဲ့ ကလေးငယ်တွေဟာ အခက်အခဲတွေ ရှိနေတယ်လို့ ရက်ဖို့ဒ်က ပြောကြားထားခဲ့ပြီး အဆိုပါ ကလေးငယ်တွေ အတွက် သူ့အနေနဲ့ လှူဒါန်းမှုတွေကို ပြုလုပ် သွားမယ်လို့လည်း ရက်ဖို့ဒ်က ဖွင့်ဟပြောကြား လာခဲ့ပါတယ်။

Photo Credit: Metro.com

ရက်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာ ပရဟိတလုပ်ငန်းတွေကို လုပ်ဆောင်နိုင်ဖို့ သူ့ရဲ့ အင်စတာဂရမ်အကောင့်ကနေ တဆင့် အလှူငွေတွေ ကောက်ခံခဲ့ပြီး သူကောက်ခံခဲ့တဲ့ အလှူငွေတွေဟာ စုစုပေါင်း ပေါင်၂၀သန်းကျော်အထိ ရရှိခဲ့တယ်လို့ သူကိုယ်တိုင် ကြေညာထားသူပါ။ လက်ရှိမှာတော့ ရက်ဖို့ဒ်ဟာ အဆိုပါ လှူဒါန်းငွေ ပေါင်၂၀သန်းကျော်ကို ပရဟိတအဖွဲ့တွေနဲ့ ပူးပေါင်းကာ အင်္ဂလန်နိုင်ငံ တစ်နိုင်ငံလုံးမှာရှိတဲ့ ဒုက္ခသည်တွေ ၊ စားစရာ အခက်အခဲ ဖြစ်နေသူတွေ ၊ ကျောင်းသူ ၊ ကျောင်းသားတွေကို လှူဒါန်းသွားဖို့ လုပ်ဆောင်နေတယ်လို့ သူ့ရဲ့ အင်စတာဂရမ်အကောင့်ကနေ တဆင့် ပြောပြလာခဲ့ပါတယ်။

Photo Credit: Metro.com

အင်္ဂလန်နိုင်ငံ တစ်ဝှမ်းလုံးမှာ စားစရာ အခက်အခဲ ဖြစ်နေတဲ့ ကလေးငယ်တွေ များပြားနေတဲ့ အကြောင်းကို ရက်ဖို့ဒ်က ” အင်္ဂလန်နိုင်ငံ မှာ ကျောင်းပေါင်း ၃၂၀၀၀ ရှိပြီး အခုတော့ အဲ့ဒီ ကျောင်းတွေကို ပိတ်တော့မှာလည်း ဖြစ်ပါတယ်။ ကျောင်းတွေ ပိတ်သွားတဲ့အခါကျရင် စားစရာအတွက် ကျောင်းသွားတက်နေရတဲ့ ကလေးငယ်တွေ ဒုက္ခတွေ့ကြရတော့မှာပါ။ ဒါ့ကြောင့် ဒီရက်ပိုင်းမှာ ကျွန်တော့်အနေနဲ့ ပရဟိတ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့ပြီး ကလေးတွေကို ဘယ်လို ကူညီလို့ရလဲဆိုတာကို ဆွေးနွေးခဲ့ကြပါတယ်။ အခုချိန်ဟာ ကလေးတွေကို အများကြီး ကူညီပေးရမယ့် အချိန်ကို ရောက်နေပါပြီ။ ကလေးငယ်တွေဟာ စားစရာ အတွက် ပူပန်နေစရာမလိုပါဘူး ” လို့ ကနဦးမှာ ရေးသားဖော်ပြခဲ့ပါတယ်။ အဲ့ဒီနောက် သိပ်မကြာခင်မှာတော့ ရက်ဖို့ဒ်က သူဟာ ကလေး ၁.၇၆သန်း(၁၇၆၀၀၀၀) ကို ကူညီနိုင်တော့မယ် လို့ ကြေညာသွားခဲ့ပါတယ်။ ရက်ဖို့ဒ်က ” အခု သတင်းကောင်းတစ်ခုကို ပြောပြစရာ ရှိပါတယ်။ FareShare UK အဖွဲ့အစည်းဟာ ကလေးငယ် ၁.၇၆သန်းကို ကူညီပေးနိုင်ပါလိမ့် မယ်။ ကျွန်တော်တို့တွေ အသင်းအဖွဲ့တစ်ခု အနေနဲ့ လုပ်ဆောင်ရတာ အရမ်းကို ကောင်းပါတယ် ” လို့ ကြေညာသွားခဲ့တာပါ။