နာမည်ကြီး ပရီးမီးယားလိဂ်ကလပ် မန်ယူအသင်းရဲ့ လူငယ်တိုက်စစ်မှူး ဖြစ်တဲ့ မားကပ် ရက်ဖို့ဒ်ကတော့ မကြာသေးခင်က ဗြိတိန်နိုင်ငံ တစ်ဝှမ်းမှာ စားစရာအခက်အခဲ ဖြစ်နေတဲ့ ကလေးငယ် ၃သိန်းကို ကူညီပေးနိုင်ခဲ့တဲ့ အပြင် ယခုလက်ရှိမှာလည်း ဗြိတိန်နိုင်ငံ တစ်ဝှမ်းမှာရှိတဲ့ ကလေးငယ် ၁.၃သန်းကို ထပ်ပြီး ကူညီပေးနိုင်ခဲ့ပြန်ပြီလို့ သိရှိရပါတယ်။ ဗြိတိန်နိုင်ငံမှာ ရှိတဲ့ အစိုးရကျောင်းတွေဟာ ကျောင်းမှာ ရှိတဲ့ ကျောင်းသားတွေကို နေ့လယ်စာ အခမဲ့ ကျွေးမွေးလေ့ရှိပြီး မကြာခင်မှာ ရောက်ရှိလာမယ့် နွေရာသီ ကျောင်းပိတ်ရက်မှာဆိုရင် ကလေးတွေကို နေ့လယ်စာ ကျွေးမွေးတော့မှာ မဟုတ်ဘူး လို့ မကြာသေးမီကမှ ထုတ်ပြန် ကြေညာသွားခဲ့ပါတယ်။

Photo Credit: Metro

အဆိုပါ ကြေညာမှု ထွက်လာပြီး မကြာခင်မှာပဲ မားကပ် ရက်ဖို့ဒ်ဟာ ဗြိတိန်နိုင်ငံရဲ့ အစိုးရဆီ ကိုယ်တိုင် စာရေးသား ပေးပို့ကာ ကလေးငယ် တွေရဲ့ အနာဂတ်နဲ့ လက်ရှိ ခက်ခဲနေတဲ့ အခြေအနေတွေကို အလေးထားပြီး နွေရာသီ ကျောင်းပိတ်ရက်မှာ ကလေးငယ်တွေကို အစိုးရကျောင်းတွေကနေ တဆင့် အခမဲ့ နေ့လယ်စာ ကျွေးပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် ရက်ဖို့ဒ်ဟာ လူမှုကွန်ယက် စာမျက်နှာပေါ်မှာလည်း ကလေးတွေ နေ့လယ်စာ စားရဖို့အတွက် ရည်ရွယ်ပြီး Campaign တွေ ပြုလုပ်ခဲ့ကာ အင်္ဂလန်နိုင်ငံမှာ ရှိတဲ့ လူသန်းပေါင်းများစွာက ရက်ဖို့ဒ်ရဲ့ Campaign မှာ ပါဝင်ခဲ့ကြပါတယ်။ အဲ့ဒီနောက် မှာတော့ ဗြိတိန်အစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ ပြန်လည် ပြောင်းသွားခဲ့ပြီး ဗြိတိန်နိုင်ငံမှာရှိတဲ့ ကလေးငယ်တွေကို ပုံမှန်အတိုင်း ကျောင်းတွေ ကနေ နေ့လယ်စာ အခမဲ့ ကျွေးမွေးသွားမယ် လို့ သတင်း ထုတ်ပြန်သွားခဲ့ပါတယ်။

Photo Credit: Metro

အဆိုပါ ကျွေးမွေးမှုအတွက် ဗြိတိန်အစိုးရဟာ ပေါင်၁၂၀သန်း ဝန်းကျင် ကုန်ကျမှာ ဖြစ်ပေမယ့် ကလေးတွေအတွက် ကုန်ကျရတာ ဖြစ်တာကြောင့် ထိုက်တန်ပါတယ်လို့ အင်္ဂလန် နိုင်ငံရဲ့ ဝန်ကြီးချုပ်ဖြစ်သူ ဘောရစ်ဂျွန်ဆင်က ပြောကြားသွားခဲ့ပါတယ်။ ဒါ့အပြင် ဂျွန်ဆင်က ရက်ဖို့ဒ်ရဲ့ လုပ်ရပ်အတွက် ရက်ဖို့ဒ်ထံသို့ ဖုန်းခေါ်ဆိုကာ ကိုယ်တိုင် ချီးကျူးမှု ပြုလုပ်ခဲ့တယ် လို့ သိရှိရပါတယ်။ အဆိုပါ ဖုန်းဆက်မှုအပေါ် ရက်ဖို့ဒ်ကလည်း အတည်ပြုခဲ့ပြီး သူဟာ မယုံကြည်နိုင်လောက်အောင် ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဘောရစ်ဂျွန်ဆင်ရဲ့ ဖုန်းခေါ်ဆိုမှုအပေါ် ရက်ဖို့ဒ်က ” ဟုတ်ပါတယ်။ သူကိုယ်တိုင် ဖုန်းခေါ်ခဲ့တာပါ​။ အဲ့ဒီအချိန်တုန်းက ကျွန်တော် ဟာ အတော်လေး တုန်လှုပ်သွားခဲ့ရတာပေါ့။ ဝန်ကြီးချုပ်က သူ့ရဲ့ဆုံးဖြတ်ချက်ကို ပြန်လည် ပြင်ဆင် ခဲ့တဲ့အတွက် ကျွန်တော်က အရမ်းပဲ ဝမ်းသာမိပါတယ် ” လို့ BBC Breakfast နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖြေဆိုသွားခဲ့ပါတယ်။