ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်းဖြစ်တဲ့ မန်ယူအသင်းနဲ့ အင်္ဂလန်အသင်းတို့ရဲ့ အသက် ၂၂နှစ်အရွယ် တိုက်စစ်မှူး မားကပ်ရက်ဖို့ဒ်ဟာ ကမ္ဘာ့ကပ်ရောဂါတစ်ခု ဖြစ်တဲ့ ကိုရိုနာဗိုင်းရပ် ဗြိတိန်နိုင်ငံမှာ ပျံ့ပွားခဲ့စဉ် အတွင်းမှာ ပရိဟိတ လုပ်ငန်းတစ်ခုကို စွမ်းစွမ်းတမံ ကြိုးစား လုပ်ခဲ့တာကြောင့် လာမယ့် ၂၀၂၁ခုနှစ်မှာ အင်္ဂလန် ဘုရင်မကြီး အဲလစ်ဇဘက်-၂နဲ့ တွေ့ဆုံခွင့်ရကာ အင်္ဂလန်နိုင်ငံရဲ့ ဂုဏ်ယူစရာကောင်းတဲ့ ဘွဲ့တံဆိပ် တစ်ခုဖြစ်တဲ့ ဆာဘွဲ့ကို ရရှိဖို့ နီးစပ်နေပြီလို့ အင်္ဂလန်နိုင်ငံရဲ့ နာမည်ကြီးသတင်းစာတွေက ရေးသား ဖော်ပြသွားခဲ့ကြပါတယ်။ အသက် ၂၂နှစ်အရွယ်သာ ရှိသေးပေမယ့် ရက်ဖို့ဒ်ဟာ Lockdown ကာလအတွင်းမှာ နေ့လယ်စာ စားရဖို့အတွက် ဗြိတိန်အစိုးရရဲ့ ကျောင်းတွေကို မှီခိုနေရတဲ့ ကလေးငယ်တွေ ကျောင်းပိတ်သွားချိန် မှာ စားစရာအခက်အခဲ ကြုံနေရတာကို ကူညီ ပေးခဲ့တဲ့သူလည်း ဖြစ်ပါတယ်။

Photo Credit: Metro

ရက်ဖို့ဒ်ဟာ ဗြိတိန်နိုင်ငံ တစ်ဝှမ်းမှာ ရှိတဲ့ ကလေးငယ် ၃သန်းအတွက် စားစရာတွေ ရရှိဖို့ အတွက် အလှူငွေ ပေါင်၂၀သန်း နီးပါး ရရှိစေဖို့ အတွက် ဦးဆောင်ကာ အလှူခံပေးနိုင်ခဲ့ပြီး သူ့ကြောင့်ပဲ အခုချိန်မှာဆိုရင် ကလေးငယ်တွေဟာ စားစရာကိစ္စအတွက် ခေါင်းခဲစရာ မလိုတော့ပါဘူး။ အခုလို ကြီးမားတဲ့ စွမ်းဆောင်မှု အတွက် ရက်ဖို့ဒ်ဟာ မကြာမီကပဲ ဗြိတိန်နိုင်ငံ ရဲ့ ဂုဏ်ယူစရာကောင်းတဲ့ ဆုတစ်ခု ဖြစ်တဲ့ High Sheriff Special Recognition Award ကို ပေးအပ်ချီးမြှင့်ခြင်း ခံခဲ့ရပြီး အဆိုပါဆုအား ရရှိခဲ့မှုကို ရက်ဖို့ဒ်က သူ့ရဲ့ အင်စတာဂရမ်မှာ တင်ခဲ့ပြီး ဒီဆုဟာ သူတစ်ဦးတည်းနဲ့ သက်ဆိုင် တာ မဟုတ်ကြောင်းနဲ့ လှူဒါန်းငွေတွေကို လှူဒါန်းခဲ့တဲ့ အလှူရှင်တွေနဲ့လည်း သက်ဆိုင်တယ် လို့ ဆိုသွားခဲ့ပါတယ်။

Photo Credit: Metro

ဒါ့ကြောင့်ပဲ ရက်ဖို့ဒ်ဟာ လာမယ့် ၂၀၂၁ခုနှစ် ဗြိတိန်နိုင်ငံရဲ့ တော်ဝင် အခမ်းအနားကို တက်ရောက်ခွင့် ရဖို့ ရှိနေပြီး အဆိုပါ အခမ်းအနားမှာ ရက်ဖို့ဒ်ကို ဆာဘွဲ့ချီးမြှင့်ဖို့ စဉ်းစားမှုတွေ ရှိတယ်လို့ ဗြိတိန်နိုင်ငံရဲ့ နာမည်ကြီး သတင်းစာတွေက ဆိုထားကြပါတယ်။ ဒါ့အပြင် ရက်ဖို့ဒ်တစ်ယောက် ဆာဘွဲ့ရ ၊ မရကို လောင်းကြေးဖွင့်ထားမှုမှာလည်း ၆လေး ၄လေးအထိ မြင့်တက်လာခဲ့ပြီး ရက်ဖို့ဒ်ဟာ မန်ယူအသင်းရဲ့ တတိယမြောက် ဆာဘွဲ့ရရှိသူ ဖြစ်လာနိုင်တယ် လို့ သိရပါတယ်။ လက်ရှိ မန်ယူအသင်းမှာ ဆာဘွဲ့ရရှိသူ နှစ်ဦးအထိ ရှိနေပြီး အဆိုပါ လူတွေကတော့ ဂန္တဝင် ဘောလုံးသမား ဆာဘော်ဘီချာလ်တန်နဲ့ ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်တို့ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ရက်ဖို့ဒ်တစ်ယောက် ဆာမားကပ် ရက်ဖို့ဒ် ဖြစ်လာမလားဆိုတာကို ဆက်လက် စောင့်ကြည့်သွားရမှာပါ။