ကစားသမားတစ်ဦး အသင်းတစ်သင်းကနေ အခြားအသင်းထံကို ပြောင်းရွှေ့တယ်ဆိုတဲ့ နေရာမှာ ပြောင်းရွှေ့ကြေးတေ​ွ ၊ ကစားသမားတွေနဲ့ အသင်းရဲ့ကြားထဲမှာ စာချုပ်တွေဟာ ပရိသတ်တွေကြားထဲမှာ သိသာထင်ရှားတဲ့ အရာတွေ ဖြစ်ပေမယ့် နောက်ကွယ်မှာတော့ အခြား အရာတွေအများကြီး ရှိလို့နေပါတယ်။ အဆိုပါ အကြောင်းအရာတွေထဲမှာ သူ သွားကစားမယ့် အသင်းမှာ ရှိနေတဲ့ ကစားသမားတွေထဲမှာ သူနဲ့ ရင်းနှီးတဲ့ ကစားသမားတွေရှိတဲ့ အချက်ဟာလဲ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ မန်ယူအသင်းရဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်သူ မားကပ်ရက်ဖို့ဒ်ဟာ သူတို့အသင်းရဲ့ အဓိကပစ်မှတ် ကစားသမား တစ်ဦးဖြစ်တဲ့ ဒေါ့မွန်အသင်းရဲ့ တောင်ပံ ကစားသမားဖြစ်သူ ဆန်ချိုကို သူနဲ့အတူ မန်ယူအသင်းမှာ လာကစားဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

Photo Credit: Sky Sports.com

မန်ယူအသင်းဟာ သူတို့အသင်းရဲ့ ကြီးမားတဲ့ အားနည်းချက်ကြီးတစ်ခုဖြစ်တဲ့ ညာတောင်ပံ တိုက်စစ်နေရာကို ပြင်ဆင်ဖို့အတွက် အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ ဆန်ချိုကို ခေါ်ယူဖို့ အတွက် ကြိုးစားနေတာဖြစ်ပြီး လတ်တလောမှာလည်း ဆန်ချိုရဲ့စီမံခန့်ခွဲမှုအသင်းနဲ့ ဆွေးနွေးမှုတွေကို အဆက်မပြတ် လုပ်ဆောင်နေပါတယ်။ ဆန်ချိုဟာ ယခုနှစ် ဘွန်ဒက်လီဂါဘောလုံးရာသီမှာ ဒေါ့မွန်အသင်းအတွက် ၂၃ပွဲ ပါဝင် ကစားထားပြီး ၁၄ဂိုးသွင်းယူထားကာ ၁၅ဂိုး ဖန်တီးပေးထားနိုင်ခဲ့သူ ဖြစ်ပြီး လက်ရှိမှာ သူ့ကို ခေါ်ယူဖို့ ထိပ်တန်းအသင်း အများစုက စိတ်ဝင် စားနေကြကာ မန်ယူအသင်းကတော့ သူ့ကို ခေါ်ယူနိုင်ဖို့ ထိပ်ဆုံးကနေ ရေပန်းစားလျက် ရှိပါတယ်။

Photo Credit: Sky Sports.com

ယမန်နေ့က ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ မန်ယူအသင်းဟာ ဆန်ချိုကို ခေါ်ယူဖို့အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိထားရပြီး သူဟာ တစ်ပတ်လုပ်ခလစာ ပေါင် ၃သိန်းနဲ့ ၅နှစ်စာချုပ်ချုပ်ဆိုမှာဖြစ်ကြောင်းနဲ့ မန်ယူအသင်းဟာ ဒေါ့မွန်အသင်းကို ဆန်ချို အတွက် ပြောင်းရွှေ့ကြေး ပေါင်၉၀သန်းနီးပါး ပေးချေရမှာဖြစ်တယ်လို့လဲ သိရပါတယ်။ ဆန်ချို ကို မန်ယူအသင်းမှာ သူနဲ့အတူ လာကစားဖို့အတွက် ရက်ဖို့ဒ်က ” ကျွန်တော်တို့ဆီကို ဆန်ချိုသာ ပြောင်းလာခဲ့ရင် ဒါက ကောင်းတဲ့ အရာတစ်ခုပါ။ သူက ကစားသမားကောင်း တစ်ဦးပါ။ သူဟာ တဖြည်းဖြည်းနဲ့ ပိုပြီး ကောင်းမွန်လာတဲ့ ကစားသမားတစ်ဦးလို့လဲ ထင်ပါတယ်။ ကျွန်တော်တို့အတူတူ ကစားနိုင်ဖို့လဲ မျှော်လင့်ပါတယ်။ အဲ့ဒီလိုဖြစ်လာရင် ပိုပြီးတော့ ကောင်းမွန်မှာပါ ” လို့ ဖိတ်ခေါ်သွားခဲ့တာပဲ ဖြစ်ပါတယ်။