MySport Myanmar

ဒါဘီရှုံးပွဲအပြီးမှာ နိုက်ကလပ် သွားမိတာကြောင့် တန်ဟက်ဂ်ကို တောင်းပန်ခဲ့ရတဲ့ ရက်ဖို့ဒ်

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ မားကပ် ရက်ဖို့ဒ်က ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ၀-၃ မန်ချက်စတာ စီးတီး ပွဲအပြီးမှာပဲ သူ့ရဲ့ သူငယ်ချင်းတွေနဲ့ မန်ချက်စတာမြို့တွင်းမှာ ရှိတဲ့ နိုက်ကလပ် တခုဆီ သွားကာ မွေးနေ့အကြိုပါတီကို ဆင်နွှဲမိခဲ့တာကြောင့် နည်းပြချုပ် အဲရစ် တန်ဟက်ဂ်ကို ပြန်တောင်းပန်ခဲ့ရတယ်လို့ သိရပါတယ်။

အသက် ၂၆နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ယူနိုက်တက်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ ခြေစွမ်းကောင်းတွေ ပြသဖို့ ရုန်းကန်နေရသူပါ။

Photo Credit: Goal

ရက်ဖို့ဒ်က ဒီရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၁၄ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁ဂိုးထဲသာ သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၃ကြိမ်သာ ရရှိထားပြီး သူ့ရဲ့ ခြေစွမ်းကျဆင်းမှုဟာ မန်ချက်စတာ ယူနိုက်တက်အသင်း ရလဒ် ဆိုးနေရတဲ့ အကြောင်းပြချက်တွေထဲက တခုပဲ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ရလဒ်တွေ ဆိုးဝါးနေချိန်မှာ ရက်ဖို့ဒ် အပါအဝင် အသင်းရဲ့ ကစားသမား အများစုက ခြေစွမ်းတိုးတက်ဖို့ အတွက် ကြိုးစားရမှာ ဖြစ်ပေမယ့် ရက်ဖို့ဒ်ကတော့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ညလုံးပေါက်နီးပါး ကလပ်တက်ကာ ကဲခဲ့ပါတယ်။

Photo Credit: Mirror

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် အဲရစ် တန်ဟက်ဂ်က ရက်ဖို့ဒ်ကို တဦးချင်း ခေါ်တွေ့ကာ ဆူခဲ့သလို ရက်ဖို့ဒ်ကလည်း သူ့ရဲ့အမှား အတွက် တန်ဟက်ဂ်ကို တောင်းပန်ခဲ့ရပါတယ်။ ဒီအကြောင်းတွေကို ယူနိုက်တက်နည်းပြချုပ် အဲရစ် တန်ဟက်ဂ်က ပြန်ပြောင်း ပြောပြလာခဲ့တာပါ။

တန်ဟက်ဂ်က – “ဟုတ်ပါတယ်။ ကျွန်တော်က ရက်ဖို့ဒ်ရဲ့အကြောင်းကို သိခဲ့ပါတယ်။ ကျွန်တော် သူနဲ့ အဲ့ဒီကိစ္စ အတွက် စကားပြောပြီးသွားပါပြီ။ ဒီလုပ်ရပ်က လက်မခံနိုင်စရာ လုပ်ရပ် တခုပါ။ ဒါကိုလည်း ကျွန်တော်က သူ့ကို ပြောပြခဲ့ပါတယ်။ သူက ကျွန်တော့်ကို သူ့ရဲ့ အမှားအတွက် ပြန်တောင်းပန်ခဲ့ပါတယ်။ ဒါပါပဲ။ ဒီကိစ္စက အသင်းရဲ့ အတွင်းရေးကိစ္စပါ။ ဒါကြောင့် ဒီထက်ပိုပြီး မပြောပြချင်တော့ပါဘူး” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

Exit mobile version