ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ မားကပ် ရက်ဖို့ဒ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ရီးဒင်းတို့ရဲ့ အက်ဖ်အေဖလားပွဲမှာ အသင်းရဲ့ သမိုင်းတလျှောက် အိုးထရက်ဖို့ဒ်ကွင်းမှာ ၁၀ပွဲဆက် ဂိုးသွင်းယူနိုင်တဲ့ ပထမဦးဆုံး ကစားသမား ဆိုတဲ့ ဂုဏ်ပုဒ်ကို ရမယ့် သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် သူ့ရဲ့ သွင်းဂိုးကို VARက လူကျွံဘော အဖြစ် သတ်မှတ်ခဲ့တာကြောင့် ဒေါသထွက်ရကြောင်း ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ယနေ့မနက် အစောပိုင်းမှာ အက်ဖ်အေဖလား ၃၂သင်းအဆင့် ပွဲစဉ်အဖြစ် ရီးဒင်းကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားခဲ့ရပြီး အဆိုပါပွဲမှာ မန်ချက်စတာ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်က အဓိက ခံစစ်မှူးတွေ ဖြစ်တဲ့ ဗာရန်း ၊ မာတီနက်ဇ်နဲ့ လုခ်ရှောတို့ကလွဲရင် ကျန်တဲ့ နေရာတွေမှာ အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့ပါတယ်။

Photo Credit: The Sun

အသက် ၂၅နှစ် အရွယ် အင်္ဂလန် တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်က ရီးဒင်းနဲ့ ပွဲစဉ်မတိုင်ခင် အိုးထရက်ဖို့ဒ်ကွင်းထဲမှာ ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၉ပွဲဆက် သွင်းဂိုးတွေ သွင်းယူထားနိုင်တာကြောင့် ရီးဒင်းနဲ့ပွဲမှာသာ သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့ရင် ဂန္တဝင် ကစားသမား ဒန်းနစ်ရဲ့ အိုးထရက်ဖို့ဒ်မှာ ပွဲဆက်အများဆုံး ဂိုးသွင်းထားနိုင်တဲ့ ကစားသမား ဆိုတဲ့ စံချိန်ကို ချိုးဖျက်နိုင်မှာ ဖြစ်သလို သူက ပထမပိုင်းမှာ သွင်းဂိုး ၁ဂိုးလည်း သွင်းယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့် VARကတော့ ရက်ဖို့ဒ်ရဲ့ သွင်းဂိုးမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အထောင်တိုက်စစ်မှူး ဗက်ဟို့စ်က လူကျွံအနေအထားမှာ ရှိနေခဲ့တယ်လို့ အကြောင်းပြကာ ရက်ဖို့ဒ်ရဲ့ သွင်းဂိုးကို ပယ်ဖျက်ခဲ့ပြီး အဆိုပါ သွင်းဂိုး ပယ်ဖျက်ခံရမှုကြောင့်ပဲ ရက်ဖို့ဒ်ဟာ ဒန်းနစ်ရဲ့ စံချိန်ကို ချိုးဖျက်နိုင်ခြင်း မရှိတော့ပဲ ဒန်းနစ်နဲ့အတူ အိုးထရက်ဖို့ဒ်မှာ ပွဲဆက်အများဆုံး ဂိုးသွင်းထားနိုင်တဲ့ ကစားသမား ဆိုတဲ့ ဂုဏ်ပုဒ်ကိုသာ ရခဲ့ပါတယ်။

Photo Credit: Shutters lock

ပွဲပြီးဆုံးချိန်မှာတော့ ရက်ဖို့ဒ်က သူ့ရဲ့ လူမှုကွန်ယက်အကောင့် ကနေ တဆင့် VARရဲ့ ဆုံးဖြတ်ချက် အပေါ် ဝေဖန်သွားခဲ့ပြီး သူ့ရဲ့ သွင်းဂိုးဟာ လူကျွံဘော မဟုတ်ပဲ VARကသာ မမျှတတဲ့ ဆုံးဖြတ်ချက် တခုကို ချခဲ့ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ရက်ဖို့ဒ်က – “ကံမကောင်းစွာနဲ့ပဲ ဒီနေ့မှာ VARက ကျွန်တော့်ကို ထိုးနှက်နိုင်ခဲ့ပါတယ်။ အခုလိုမျိုး ဂိုးတွေ ပယ်ဖျက်ခံရတဲ့ ဒီရာသီထဲမှာတင် ၃ကြိမ် ရှိနေပါပြီ။ အိုးထရက်ဖို့ဒ်ကွင်းထဲမှာ ပွဲဆက်အများဆုံး ဂိုးသွင်းယူနိုင်တဲ့ စံချိန်ကိုသာ ရခဲ့မယ် ဆိုရင် အတော်လေး ကောင်းမှာပါ။ ဒါပေမယ့် ကျွန်တော်က ဒန်းနစ်နဲ့ စံချိန်တူသွားခဲ့တဲ့ အတွက် ဂုဏ်ယူမိပါတယ်” ဆိုပြီး သူ့ရဲ့ လူမှုကွန်ယက်အကောင့်မှာ တင်သွားခဲ့တာပဲ ဖြစ်ပါတယ်။