ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူး ဖြစ်သူ ရက်ဖို့ဒ်ကတော့ သူ့ရဲ့ ကစားသမား ဘဝကို မန်ချက်စတာ ယူနိုက်တက်အသင်း မှာသာ ကုန်ဆုံး သွားချင်ကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ်။ အသက် ၂၃နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အကယ်ဒမီကနေ ထွက်ပေါ်လာသူ တစ်ဦးဖြစ်ပြီး ဂရိတ်မန်ချက်စတာ နယ်သားလည်း ဖြစ်တာကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းကို ငယ်စဉ်ကတည်းက အားပေးခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ လက်ရှိမှာ‌တော့ ရက်ဖို့ဒ်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ မရှိမဖြစ် တိုက်စစ်မှူးအဖြစ် သတ်မှတ် ခံထားရသူလည်း ဖြစ်ပါတယ်။

Photo Credit: Standard

အင်္ဂလန်ရဲ့ အလားအလာ အရှိဆုံး လူငယ် တိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် သတ်မှတ် ခံထားရတဲ့ မားကပ် ရက်ဖို့ဒ်ဟာ ၂၀၁၅ခုနှစ်မှ စတင်ကာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ပါဝင် ကစားပေးခွင့် ရရှိခဲ့သူ ဖြစ်ပြီး ယူနိုက်တက် ကစားသမား ဘဝ ပြိုင်ပွဲစုံမှာ ၂၄၆ပွဲအထိ ပါဝင် ကစားပေး ထားကာ သွင်းဂိုး ၇၇ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၄၅ကြိမ်အထိ ပြုလုပ် ထားနိုင်ခဲ့ပါတယ်။ ရက်ဖို့ဒ်ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ သူ့ကို ခေါ်ယူဖို့ လက်ရှိမှာ အင်အားကြီး အသင်းတွေ ဖြစ်တဲ့ ရီးရဲလ် မက်ဒရစ်အသင်း ၊ ဘာစီလိုနာအသင်း ၊ ဂျူဗင်တပ်အသင်းနဲ့ ဘိုင်ယန်မြူးနစ် အသင်းတို့က စိတ်ဝင်စား နေကြပါတယ်။ ဒါပေမယ့် ရက်ဖို့ဒ်ကတော့ သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဝတ်စုံကိုသာ ကစားသမား ဘဝ တစ်လျှောက် ဝတ်ဆင် သွားချင်ကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ်။

 

Photo Credit: Standard

ကစားသမားဘဝ တစ်ခုလုံး မန်ချက်စတာ ယူနိုက်တက် အသင်းမှာသာ ကစားချင်တဲ့ အကြောင်းကို ရက်ဖို့ဒ်က “ကျွန်တော့် အတွက်တော့ မန်ချက်စတာ ယူနိုက်တက်အသင်း ကနေ ထွက်ခွာဖို့ဟာ မစဉ်းစား ထားတဲ့ အရာတစ်ခုပါ။ ကလေးဘဝထဲက ကျွန်တော်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အကြောင်းပဲ စဉ်းစားခဲ့တာပါ။ ကျွန်တော့်ရဲ့ စိတ်ထဲမှာ တခြားအသင်းရဲ့ ဝတ်စုံကို ဝတ်ဆင်ဖို့ ဆိုတာဟာ သင့်တော်တဲ့ အရာတစ်ခု မဟုတ်ဘူးလို့ တွေးထားပါတယ်။ ကျွန်တော် အသင်းမှာ ရှိနေသရွေ့ အသင်းအတွက် အကောင်းဆုံးဆိုတဲ့ အရာတွေကိုပဲ လုပ်ဆောင် သွားမှာပါ။ ဒါ့ကြောင့် အသင်းမှာ ကာလရှည် ဆက်ရှိသွားဖို့ မျှော်လင့်ထားပါတယ်” ဆိုပြီး ပြောကြား သွားတာပါ။