လက်ရှိ ဘောလုံးရာသီဟာ ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးအတွက် စိန်ခေါ်မှုတစ်ခုနဲ့ ရင်ဆိုင် နေရတဲ့ အချိန်ကာလတစ်ခုဖြစ်ပြီးတော့ အားလုံဟာ မိမိတို့ရဲ့ အိမ်တွေထဲမှာ နေထိုင်ပြီး ကမ္ဘာကို ရန်စနေတဲ့ ကိုရိုနာဗိုင်းရပ်ကို တိုက်ထုတ်ဖို့ လုပ်ဆောင်ရမယ့် အချိန်ကာလပါ။ အသက်ရှူ လမ်းကြောင်းတွေကနေတဆင့် အဆုတ်ထဲကို ရောက်ရှိကာ ဒုက္ခပေးတတ်တဲ့ ကိုရိုနာကြောင့် လက်ရှိမှာ ကမ္ဘာတစ်ခုလုံးရဲ့ စီးပွားရေးလုပ်ငန်း တွေ ၊ အားကစားပြိုင်ပွဲတေ​ွ ၊ ပွဲတော်တွေအားလုံး ရပ်တန့်ထားခဲ့ရပြီး အဲ့ဒီထဲမှာတော့ ဘောလုံးလောကဟာလဲ ပါဝင်နေခဲ့ပါတယ်။ လက်ရှိ အချိန်မှာတော့ ကစားသမားတွေဟာလဲ အိမ်ထဲမှာပဲ နေထိုင်ကြပြီး ပရိသတ်တွေနဲ့ စကားပြောတာ ၊ လေ့ကျင့်ခန်းလုပ်တာ ၊ ဂိမ်းဆော့တာတွေနဲ့ အချိန်ဖြုန်းနေကြရပါတယ်။

Photo Credit: ESPN.com

ဒီတစ်ခါမှာတော့ မန်ယူအသင်းရဲ့ ငယ်မွေး ခြံပေါက် ကစားသမားတစ်ဦးဖြစ်တ​ဲ့ ရက်ဖို့ဒ်နဲ့ မန်ယူအသင်းကို အားပေးကာ ရက်ဖို့ဒ်ရဲ့ အမာခံ ပရိသတ်တစ်ဦးဖြစ်တဲ့ အသက်၆နှစ်အရွယ် အဲလက်စ်တို့ကြားက ကြည်နူးစရာကောင်းတဲ့ ပြန်စာလေးတွေ အကြောင်းကို ဖော်ပြပေးသွားချင်ပါတယ်။ အသက်၆နှစ်အရွယ် အဲလက်စ်ဟာ မန်ယူအသင်းနဲ့ ရက်ဖို့ဒ်ရဲ့ အမာခံပရိသတ် တစ်ဦးဖြစ်ကာ ရက်ဖို့ဒ်ထံကို စာရေးသား ပေးပို့ကာ သူဟာ ဘောလုံးပွဲစဉ်တွေကို လွမ်းဆွတ် နေပြီလို့ စာထဲမှာ ရေးသားထားခဲ့ပါတယ်။ သူ့ရဲ့ စာကို ဖော်ပြရရင်တော့ ” မားကပ်ရက်ဖို့ဒ်ရေ… ကျွန်တော့်နာမည်က အဲလက်စ်ဂျုံးပါ။ အသက် ၆နှစ် ရှိပါပြီ။ အခုဘောလုံးပွဲတွေအကြောင်း တွေးရင် ဝမ်းနည်းရတယ်ဗျာ။ ကျွန်တော့်ရဲ့ အကြိုက်ဆုံး ကစားသမားက အစ်ကိုပါပဲ။ ပြီးတော့ မန်ယူအသင်းကလဲ ကျွန်တော် အားပေးတဲ့ အသင်းပါ။ ဘောလုံးပွဲတွေ နားထားလို့ ဝမ်းနည်းနေသေးလား…။ ဒါမှမဟုတ် ပျင်းတာရော ဖြစ်သေးရဲ့လားဗျ…။ အိမ်မှာ ကောင်းကောင်း နားနေရဲ့လား…။ ဒါမှမဟုတ် လေ့ကျင်ခန်းတွေ ဆင်းနေတုန်းလား…။ ကျွန်တော်ကတော့ စနေ ၊ တနင်္ဂနွေတွေမှာ သူငယ်ချင်းတွေနဲ့ ဘောလုံး ကန်ရတာကို လွမ်းတယ်ဗျာ။ အဲလက်စ်ဂျုံးပါ ” လို့ ရေးသားထားခဲ့တာပါ။

Photo Credit: ESPN.com

 

အဲလက်စ်ဂျုံးရဲ့ စာကို ဖတ်ရှုအပြီး မကြာမီမှာပဲ ရက်ဖို့ဒ်က အဲလက်စ်ဂျုံးဆီကို အင်စတာဂရမ် ကနေ ပြန်စာပို့ခဲ့ပါတယ်။ ရက်ဖို့ဒ်က ” မင်္ဂလာပါ အဲလက်စ်ရေ…။ မင်းရဲ့ချစ်စရာကောင်းတဲ့ စာအတွက် ကျေးဇူးပါကွာ။ ငါက အိမ်ထဲမှာ လုံလုံခြုံခြုံ နေနေပါတယ်။ အလုပ်ကို ကြိုးစား လုပ်နေတယ်။ ပြီးတော့ စာအုပ်တွေလဲ ဖတ်နေတယ်ကွ။ ဒါပေမယ့် ဘောလုံး မကစားရတဲ့ အတွက် ငါလည်း ဝမ်းနည်းနေပါတယ်။ မင်းလဲ မင်းရဲ့ကျောင်းစာတွေကို မှန်မှန် လုပ်မယ်လို့ ငါလဲ မျှော်လင့်နေပါတယ်။ ချစ်တယ်ကွာ။ မင်းရဲ့ အမေအတွက် သားကောင်းတစ်ယောက် ဖြစ်ပါစေ။ ပြီးတော့ အိပ်ယာလဲ မှန်မှန်ဝင် ငါ့ကောင်ရေ… ” လို့ စာပြန်ခဲ့ပါတယ်။