မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အင်္ဂလန်တိုက်စစ်ကစားသမား မားကပ်ရပ်ဖိုဒ့်ဟာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း မတိုးရခင်တုန်းက ဘာစီလိုနာအသင်းရဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့ပြီး သူကိုယ်တိုင်ကပါ ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့ကစားဖို့အတွက် စိတ်ဝင်စားလို့ အသင်းပြောင်းဖို့ သဘောတူခဲ့ပေမယ့်လည်း အပြောင်းအရွှေ့ အထမြောက်ဖို့ မိနစ်ပိုင်းအလိုမှာပဲ ဘာစီလိုနာမှာ အံ့ဝင်ခွင်ကျ မဖြစ်နိုင်လောက်ဘူးလို့ ယူဆမိတာကြောင့် အသင်းပြောင်းဖို့ ငြင်းဆန်ခဲ့တယ်လို့ စပိန်သတင်းမီဒီယာ Mundo Deportivo ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Gazette & Herald

အသက်(၂၂)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမားရပ်ဖိုဒ့်ဟာ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီအစမှာပဲ ယူနိုက်တက်အသင်းနဲ့ စာချုပ်သစ်ကိစ္စ အဆင်မပြေဖြစ်နေချိန် ဘာစီလိုနာအသင်းကလည်း သူတို့ရဲ့ တိုက်စစ်မှူးလူးဝစ်ဆွာရက်ဇ်ရဲ့နေရာမှာ ရေရှည်အစားထိုးဖို့ လူငယ်တိုက်စစ်မှူးတစ်ယောက်ကို ရှာဖွေနေတာဖြစ်လို့ ရပ်ဖိုဒ့်ကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ရာ ရပ်ဖိုဒ့်ကိုယ်တိုင် ကမ်းလှမ်းမှုကို လက်ခံခဲ့ပေမယ့် အပြောင်းအရွှေ့မဖြစ်မြောက်ခင် အချိန်ပိုင်းအလိုမှာပဲ ရပ်ဖိုဒ့်က သူအနေနဲ့ ဘာစီလိုနာအသင်းမှာ လိုက်လျောညီထွေ ကစားနိုင်ဖွယ်မရှိလောက်ဘူးလို့ ထင်ခဲ့မိတာကြောင့် အသင်းပြောင်းဖို့ ငြင်းဆန်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Photo Credit : Famous Times

ဘာစီလိုနာလို အသင်းမျိုးကို ပြောင်းရွှေ့ဖို့ ငြင်းဆန်ခဲ့ပြီးနောက်မှာတော့ ရပ်ဖိုဒ့်ဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာပဲ ဆက်လက်ရှိနေဖို့အတွက် စာချုပ်သစ်ချုပ်ဆိုခဲ့ပြီး အသင်းမှာလည်း အဓိက ကစားသမားတစ်ယောက်အဖြစ်နဲ့ ခြေစွမ်းပြလာနိုင်ခဲ့ပါတယ်။ ရပ်ဖိုဒ့်ဟာ ယူနိုက်တက်အသင်းကို ဆိုးလ်ရှား နည်းပြအဖြစ်နဲ့ ရောက်ရှိလာချိန် အသင်းရဲ့ တိုက်စစ်မှာ ပွဲထွက်ခွင့်တွေ ပိုမိုရရှိလာခဲ့ပြီး (၃)ယောက်တန်းတိုက်စစ် ဘယ်ခြမ်းမှာ တောက်လျှောက်နေရာရလာခဲ့တဲ့အပြင် ဒီနှစ်ဘောလုံးရာသီမှာလည်း ပြိုင်ပွဲစုံသွင်းဂိုး (၁၉)ဂိုးအထိ သွင်းယူထားကာ အသင်းရဲ့ ဂိုးသွင်းအများဆုံးသူအဖြစ် ရပ်တည်နေနိုင်ပါတယ်။ ရပ်ဖိုဒ့်က ယူနိုက်တက်အသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး (၁၄)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပေမယ့် ဇန်နဝါရီလမှာ ရရှိခဲ့တဲ့ ကျောဒဏ်ရာကြောင့် လပေါင်းများစွာ အနားယူခဲ့ရပြီး ကိုရိုနာဗိုင်းရပ်စ်ပြသာနာကြောင့် ဘောလုံးပွဲတွေကို ရပ်နားထားခဲ့ရာကနေ အခုဆိုရင် ရပ်ဖိုဒ့်ရဲ့ ဒဏ်ရာပါ လုံးဝပျောက်ကင်းနေပြီဖြစ်လို့ ပရီးမီးယားလိဂ်ပွဲတွေ ပြန်လည်စတင်ချိန်မှာ အသင်းအတွက် ပွဲထွက်ပေးနိုင်တော့မှာဖြစ်ပါတယ်။