ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ အင်္ဂလန် လက်ရွေးစင်အသင်းတို့ရဲ့ တိုက်စစ်မှူး တဦး ဖြစ်သူ မားကပ် ရက်ဖို့ဒ်ကတော့ သူ့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်း တဦး ဖြစ်သူ ဂျေဒန် ဆန်ချိုဟာ ဒေါ့မွန်အသင်း ကနေ မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့လာပြီ လို့ ပရိသတ်တွေကို အသိပေးသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသက် ၂၁နှစ် အရွယ် အင်္ဂလန် လူငယ် တောင်ပံကစားသမား ဖြစ်သူ ဂျေဒန် ဆန်ချိုကို ခေါ်ယူဖို့ အတွက် ဒေါ့မွန်အသင်းနဲ့ တရားဝင် ဆွေးနွေးမှုတွေ ဆက်တိုက် ပြုလုပ်နေပြီး လက်ရှိအချိန် အထိ အပြောင်းအရွှေ့ ဖြစ်မြောက်ကြောင်း တရားဝင် ကြေညာသေးခြင်း မရှိပေမယ့် ဆန်ချိုဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကစားသမားသစ် ဖြစ်လာတော့မယ်လို့ သတင်းတွေ ကျယ်ပြန့်စွာ ထွက်ပေါ် နေပါတယ်။

Photo Credit: 90Min

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဆန်ချိုကို ခေါ်ယူဖို့ အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုကို ယခုလ အစထဲက ရယူထားနိုင်ခဲ့တာ ဖြစ်ပြီး ဆန်ချိုဟာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ် ချုပ်ဆိုဖို့ သဘောတူထားတာလည်း ဖြစ်ပါတယ်။

 

လက်ရှိမှာတော့ ဒေါ့မွန်အသင်းနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ဟာ ဆန်ချိုရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့ နောက်ဆုံးအဆင့် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဆန်ချိုအတွက် ကနဦး ပြောင်းရွှေ့ကြေး ယူရို ၉၀သန်း + အပိုဆုကြေးကို ပေးချေဖို့ သဘောတူထားကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။

Photo Credit: 90Min

ယနေ့မနက် အစောပိုင်းမှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဆန်ချိုကို ခေါ်ယူဖို့ တရားဝင် သဘောတူညီမှု ရရှိခဲ့ပြီ ဆိုပြီး သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ကာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပရိသတ်တချို့က ဆန်ချိုရဲ့ အရင်းနှီးဆုံး သူငယ်ချင်း တဦး ဖြစ်တဲ့ ရက်ဖို့ဒ်အား ဆန်ချိုရဲ့ အပြောင်းအရွှေ့ အကြောင်း မေးမြန်းခဲ့ရာမှာတော့ ရက်ဖို့ဒ်က ဆန်ချိုဟာ မန်ချက်စတာ ယူနိုက်တက်ဆီ ရောက်ရှိပြီလို့ အကြောင်းပြန် သွားခဲ့ပါတယ်။

လူမှုကွန်ယက်တခု ဖြစ်တဲ့ တွစ်တာမှာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပရိသတ် တဦးက “ဆန်ချိုရဲ့ အပြောင်းအရွှေ့ကိစ္စကို ကြေညာပေးပါ မားကပ်ရေ…” လို့ ရက်ဖို့ဒ်ရဲ့ ပို့စ်တခုအောက်မှာ မေးမြန်း ရေးသားခဲ့ပြီး ရက်ဖို့ဒ်က ချက်ချင်းဆိုသလိုပဲ “အတည်ပါ x” ဆိုပြီး အကြောင်းပြန်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဆန်ချိုဟာ မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ရောက်ရှိဖို့ ၉၉.၉၉ ရာခိုင်နှုန်း သေချာနေပြီလို့ ဆိုပါရစေ။