ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းဖြစ်တဲ့ မန်ယူအသင်းရဲ့ လူငယ်တိုက်စစ်မှူး ဖြစ်တဲ့ မားကပ် ရက်ဖို့ဒ်ဟာ Covid-19 ဗိုင်းရပ်ပိုးကြောင့် ဗြိတိန်နိုင်ငံ အတွင်းမှာ ရှိတဲ့ အစိုးရကျောင်းတွေကို ပိတ်ထားရာကနေ နေ့လယ်စာ စားရဖို့ အတွက် ကျောင်းတွေကို မှီခိုနေရတဲ့ ကလေးတွေအတွက် အလှူငွေ ပေါင်၂၀သန်းကျော် ရရှိသွားစေရန် ဦးဆောင် ကောက်ခံပေးနိုင်တာကြောင့် ဂုဏ်ထူးဆောင် ဆုတံဆိပ်တစ်ခုကို ရရှိခဲ့တယ်လို့ သိရပါတယ်။ ရက်ဖို့ဒ်ဟာ FareShare ဆိုတဲ့ ပရဟိတ လုပ်ငန်းတစ်ခုမှာ ပါဝင် ကူညီခဲ့ပြီး သူ့ရဲ့ လူမှုကွန်ယက် အကောင့် ကနေ အလှူငွေတွေ ကောက်ခံပေးခဲ့သလို လှူဒါန်းသူတွေ များပြားလာအောင်လည်း FareShare အစီအစဉ်ကို လူသိများလာအောင် လုပ်ဆောင်ပေးခဲ့သူ တစ်ဦးပါ။

Photo Credit: Daily Mail

မားကပ်ရက်ဖို့ဒ်ရဲ့ စွမ်းဆောင်ပေးမှုကြောင့်ပဲ တစ်လကျော် ကာလအတွင်းမှာ ကလေးငယ် သန်းပေါင်းများစွာ အတွက် စားစရာ ထောက်ပံ့ပေးနိုင်ဖို့အတွက် ရန်ပုံငွေ ပေါင်၂၀သန်းကျော် ရရှိခဲ့ပြီး ပြီးခဲ့တဲ့ တနင်္လာနေ့မှာတော့ ရက်ဖို့ဒ်ရဲ့ စွမ်းဆောင်မှုအတွက် မန်ချက်စတာမြို့ရဲ့ ဌာနဆိုင်ရာတစ်ခု ဖြစ်တဲ့ High Sheriff of Greater Manchester ကနေ ရက်ဖို့ဒ်ကို အထူးဆုတစ်ဆု ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ ရက်ဖို့ဒ်ကတော့ အဆိုပါ ဆုအတွက် ပေးအပ်ခဲ့တဲ့ ဂုဏ်ပြုလွှာကို ဓာတ်ပုံရိုက်ကာ သူ့ရဲ့ တွစ်တာ အကောင့်ကနေ တဆင့် ဆုရရှိမှုကို အသိပေးသွားခဲ့ပါတယ်။ ဒါ့အပြင် ယခုလို သူ ဆုရတာဟာ အလှူငွေတွေကို လှူဒါန်းပေးခဲ့သူတွေကြောင့် ဖြစ်တယ်လို့လည်း ကျေးဇူးတင် စကား ဆိုသွားခဲ့ပါတယ်။

 

Photo Credit: Daily Mail

ဂုဏ်ပြုဆု ရရှိခဲ့မှုနဲ့ ပတ်သတ်ပြီး မားကပ် ရက်ဖို့ဒ်က ” ပုံမှန်အားဖြင့်တော့ ဒီလို ဆုရရှိတာတွေကို တင်လေ့မရှိပါဘူး။ ဒါက ခင်ဗျားတို့ အားလုံးနဲ့ သက်ဆိုင်နေတဲ့ ဆုတစ်ခု ဖြစ်တာကြောင့် တင်တာပါ။ ခင်ဗျားတို့ တစ်ဦးချင်းဆီဟာ ကိုယ်တတ်နိုင်သလောက် ငွေကြေးလေးတွေနဲ့ ပါဝင်လှူဒါန်းခဲ့ပေမယ့် အဲ့ဒါတွေ အားလုံးကို ပေါင်းစပ်လိုက်တဲ့အခါ ငွေကြေးက အရမ်းကို များပြားသွားပါတယ်။ အခုဆိုရင် အပတ်တိုင်းမှာ ကလေးငယ် ၂.၈သန်းဟာ စားစရာတွေ ရနေကြပါပြီ။ ခင်ဗျားတို့ရဲ့ အကူအညီသာ မပါဘူးဆိုရင် ဒါတွေက ဖြစ်မလာနိုင်ပါဘူး။ ခင်ဗျားတို့ရဲ့ အကူအညီသာ မရဘူးဆိုရင် အခုလို လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ အခုတော့ ကျွန်တော့်ရဲ့ မြို့က ကျွန်တော့်ကို အသိအမှတ် ပြုခဲ့ပါပြီ။ ဒါက အရမ်းကို ကျေနပ်ဖို့ ကောင်းပါတယ်။ ငယ်ငယ်လေးထဲက ဒီလိုမျိုး လုပ်ဖို့ကို စိတ်ကူးယဉ်ခဲ့ရတာပါ။ ကျွန်တော်သာ လူသိများတဲ့သူ ဖြစ်လာခဲ့ရင် အခုလို ကူညီမယ် ဆိုပြီးပေါ့။ အခုတို့ ကျွန်တော်တို့တွေအားလုံး လုပ်ဆောင်နိုင်ခဲ့တဲ့အပေါ် အများကြီး ဂုဏ်ယူမိပါတယ်ဗျာ။ ခင်ဗျားတို့တွေ အားလုံးကို ကျေးဇူး အများကြီး တင်ပါတယ်။ ခင်ဗျားတို့ အားလုံးက ငွေကြယ်ပွင့်တွေပါပဲ။ ပြီးတော့ ကလေးတွေဟာ စားစရာကိစ္စအတွက် စိတ်ပူစရာမလိုတော့တဲ့ အထိ ကျွန်တော်တို့တွေ အလုပ်ဆက်လုပ် သွားမှာပါ။ ခင်ဗျားတို့ အားလုံးကို ဂုဏ်ပြုပါတယ် ” လို့ ရေးသား ဖော်ပြသွားခဲ့တာပါ။