ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ အင်္ဂလန် လက်ရွေးစင် အသင်းတို့ရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင် ထားတဲ့ ဝိန်းရွန်းနီ ကတော့ ယမန်နေ့မှာပဲ ကစားသမား ဘဝကနေ အနားယူသွားပြီ ဖြစ်ကြောင်း ကြေညာ သွားခဲ့ပါတယ်။ အသက် ၃၅နှစ် အရွယ်သာ ရှိသေးတာကြောင့် သူ့ရဲ့ အသင်းဖော်ဟောင်းတွေ ဖြစ်တဲ့ ရိုနယ်ဒို ၊ မိုဗစ်တို့လို ဘောလုံးလောက အတွင်းမှာ ဆက်လက် ကျင်လည်လို့ ရသေးပေမယ့် ရွန်းနီဟာ ဒါဘီအသင်းရဲ့ အမြဲတမ်း နည်းပြအဖြစ် ခန့်အပ်ခံခဲ့ ရတာကြောင့် နည်းပြလောကထဲကို ခြေစုန်ပစ် ဝင်ရောက်ခဲ့တာပါ။ လက်ရှိ မှာတော့ ရွန်းနီရဲ့ အသင်းဖော်ဟောင်းတွေဟာ ဝိန်းရွန်းနီရဲ့ ကစားသမား ဘဝ အမှတ်တရ အကြောင်းတွေ ကို ပရိသတ်တွေဆီ ပြန်ပြောင်း ပြောပြကာ ရွန်းနီကို နည်းပြဘဝမှာ အောင်မြင်ပါစေကြောင်း ဆုတောင်း ပေးနေကြပါတယ်။

Photo Credit: Goal

ရွန်းနီကို အမှတ်ရနေတဲ့ လူတွေထဲမှာ လက်ရှိ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ မားကပ် ရက်ဖို့ဒ်လည်း ပါဝင်နေပြီး ရက်ဖို့ဒ်ဟာ ငယ်စဉ်ကတည်းက ဝိန်းရွန်းနီကို သဘောကျခဲ့တဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အမာခံ ပရိသတ် ဖြစ်သလို အသင်းရဲ့ အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမား ဖြစ်တဲ့ ရက်ဖို့ဒ်ဟာ ဗန်ဟားရဲ့ လက်ထက်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့အတူ စတင် တောက်ပလာတာ ဖြစ်ပြီး ဝိန်းရွန်းနီ တစ်ယောက် မန်ချက်စတာ ယူနိုက်တက် အသင်းကနေ အဲဗာတန် အသင်းထံ မပြောင်းရွှေ့ခင်မှာ ရက်ဖို့ဒ်ဟာ ရွန်းနီနဲ့ အတူ တွဲဖက် ကစားခဲ့ဖူးပါတယ်။ ရက်ဖို့ဒ် ကတော့ ဝိန်းရွန်းနီကို သူ့ရဲ့ သူရဲကောင်း တစ်ဦးအဖြစ် တင်စား ထားပြီး ရွန်းနီရဲ့ အသင်းမှာ ရှိတဲ့ လူငယ် ကစားသမားတွေကို အမြဲတမ်း အကူအညီ ပေးလေ့ရှိပုံကို သူ့ရဲ့ ကိုယ်တွေ့ဖြစ်ရပ်နဲ့ နှိုင်းယှဉ်ကာ ပြောပြ သွားခဲ့ပါတယ်။

Photo Credit: Goal

ဝိန်းရွန်းနီနဲ့ သူနဲ့ကြားက အမှတ်တရ ဖြစ်ရပ်နဲ့ ပတ်သတ်ပြီး ရက်ဖို့ဒ်က “ကျွန်တော့်ကို စီနီယာ အသင်းကြီးက ပထမဦးဆုံး ခေါ်လိုက်တဲ့ နေ့ရက်မှာ ကျွန်တော်က အသင်းရဲ့ ဘက်စ်ကားပေါ် ရောက်သွားပေမယ့် ဘယ်နေရာမှာ ထိုင်ရမလဲဆိုတာ မသိပါဘူး။ လူတိုင်းက သူတို့ရဲ့ နေရာတွေမှာ အသီးသီး ထိုင်နေကြပြီ။ အဲ့ဒီ အချိန်မှာ အတော်လေးကို ကြောက်ရွံ့ နေခဲ့မိပါတယ်။ အဲ့ဒီနောက် မှာတော့ ကျွန်တော့်ရဲ့ နေရာက Wizza (ဝိန်းရွန်းနီ) ရဲ့ ဘေးမှာ ဖြစ်နေတာကို သွားတွေ့တယ်။ ကျွန်တော် ခံစားခဲ့ရတဲ့ ဖိအားတွေကို လျှော့ချပေးခဲ့သလို နွေးထွေးစွာ ကြိုဆိုခဲ့တဲ့ အတွက် ကျေးဇူးကမ္ဘာပါ ဝိန်းရေ။ ခင်ဗျားက အမြဲတမ်း ဂန္တဝင် တစ်ဦးပါ” လို့ သူ့ရဲ့ တွစ်တာအကောင့်မှာ ရေးသား သွားခဲ့တာ ဖြစ်ပါတယ်။