ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်းတွေ ဖြစ်တဲ့ အာဆင်နယ် ၊ ချယ်လ်ဆီးနဲ့ စပါးတို့ရဲ့ စိတ်ဝင်စားမှုကို ရရှိထားတဲ့ လိဒ်ယူနိုက်တက် ကြယ်ပွင့် ကစားသမား ရာဖင်ဟာကတော့ သူ့ကို စိတ်ဝင်စားနေတဲ့ အသင်း ၃သင်း အနက် ချန်ပီယံလိဂ်ဝင်ခွင့် မရထားတဲ့ အာဆင်နယ်ဆီ ပြောင်းရွှေ့ဖို့ စိတ်ကူးမရှိကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၅နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ရာဖင်ဟာက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ လိဒ်ယူနိုက်တက်နဲ့အတူ တောက်ပခဲ့တဲ့ ကစားသမားကောင်း တဦး ဖြစ်သလို လိဒ်ယူနိုက်တက်ကို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဆက်လက် ကျန်ရှိနေအောင် အဓိက ကူညီပေးခဲ့သူ တယောက်ဆိုရင်လည်း မမှားပါဘူး။

Photo Credit: Football 365

ရာဖင်ဟာက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ လိဒ်ယူနိုက်တက် အတွက် ပြိုင်ပွဲစုံ ၃၆ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၁ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ဘာစီလိုနာ အပါအဝင် ချယ်လ်ဆီး ၊ အာဆင်နယ်နဲ့ စပါးတို့ အကုန်လုံးက သူ့ကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးစားနေကြတာပဲ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ လိဒ်ယူနိုက်တက်က ရာဖင်ဟာရဲ့ တန်ကြေးကို ယူရို ၇၅သန်း သတ်မှတ်ထားပြီး ဘာစီလိုနာက ရာဖင်ဟာကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားပေမယ့် ဘဏ္ဍာရေး အကြပ်အတည်းကြောင့် ရာဖင်ဟာကို ခေါ်ယူနိုင်ဖို့ ခက်ခဲနေပြီး အာဆင်နယ် ၊ စပါးနဲ့ ချယ်လ်ဆီးတို့ သုံးသင်းထဲက တသင်းကသာ ရာဖင်ဟာရဲ့ အသင်းသစ် ဖြစ်လာဖွယ် ရှိနေပါတယ်။

Photo Credit: Football 365

နာမည်ကြီး အင်္ဂလန် သတင်းထောက် အွန်စတိန်းရဲ့ ဖော်ပြချက်အရတော့ အာဆင်နယ်နဲ့ စပါးတို့က ရာဖင်ဟာအတွက် တရားဝင် ကမ်းလှမ်းမှုတွေ ပြုလုပ်ထားကြပြီး ချယ်လ်ဆီးကတော့ ရာဖင်ဟာကို စိတ်ဝင်စားဆဲ အဆင့်မှာသာ ရှိနေသေးကာ ရာဖင်ဟာက ချန်ပီယံလိဂ်မှာ ဝင်ရောက် ကစားချင်တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် မရထားတဲ့ အာဆင်နယ်ကို ငြင်းဆန်ဖို့ ရှိနေကြောင်း သိရပါတယ်။

လက်ရှိမှာတော့ အာဆင်နယ်က ရာဖင်ဟာအတွက် အတက်ကြွဆုံး လှုပ်ရှားနေတဲ့ အသင်း ဖြစ်ပြီး အာဆင်နယ်က ရာဖင်ဟာအတွက် လိဒ်ယူနိုက်တက်ထံ တရားဝင် ကမ်းလှမ်းမှု တခု ပြုလုပ်ခဲ့ပေမယ့် လိဒ်ယူနိုက်တက်ကတော့ အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချထားပါတယ်။