ပရီးမီးယားလိဂ်မှာ အစဉ်အလာ ကြီးမားတဲ့ လိဒ်ယူနိုက်တက်ရဲ့ ကြယ်ပွင့် တိုက်စစ်ကစားသမား ရာဖင်ဟာက ယခု နွေဈေးကွက် အတွင်းမှာ အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုတွေ ရထားပေမယ့် အာဆင်နယ်ထက် ချယ်လ်ဆီးဆီသာ ပြောင်းရွှေ့ဖို့ ပိုမို စိတ်ဝင်စားနေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အာဆင်နယ်က လာမယ့်ရာသီ အတွက် ပြင်ဆင်မှုတရပ် အနေနဲ့ အရည်အသွေးမြင့် ကစားသမားတွေကို ခေါ်ယူဖို့ အရှိန်အဟုန်မြင့် ကြိုးပမ်းနေပြီး မန်ချက်စတာ စီးတီးရဲ့ တိုက်စစ်မှူး ဂျီးဆပ်နဲ့ လိဒ်ယူနိုက်တက် ကြယ်ပွင့် ကစားသမား ရာဖင်ဟာတို့ဟာ သူတို့ရဲ့ အဓိက ပစ်မှတ်တွေပဲ ဖြစ်ပါတယ်။

Photo Credit: Football London

အသက် ၂၅နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ရာဖင်ဟာက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ လိဒ်ယူနိုက်တက်ကို တန်းမဆင်းရအောင် ကယ်တင်ပေးခဲ့တဲ့ သူရဲကောင်း တဦး ဖြစ်ပြီး လိဒ်ယူနိုက်တက်လို တန်းဆင်းဖို့ လက်တလုံးသာ လိုအပ်ခဲ့တဲ့ အသင်းမှာ ကစားခဲ့ရပေမယ့် သူက ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ၁၁ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာဟာ ရာဖင်ဟာကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ ဆောင်းရာသီဈေးကွက်ထဲက ကြိုးပမ်းခဲ့တာ ဖြစ်ပြီး ရာဖင်ဟာကလည်း ဘာစီလိုနာဆီ ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူထားခဲ့ပါတယ်။

ဒါပေမယ့် ဘာစီလိုနာက ဘဏ္ဍာရေး အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတာကြောင့် လိဒ်ယူနိုက်တက်က ရာဖင်ဟာအတွက် တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ယူရို ၅၀သန်းကို ပေးချေနိုင်ခြင်း မရှိသေးပဲ ဘာစီလိုနာရဲ့ အခက်အခဲကြောင့်ပဲ အာဆင်နယ် ၊ စပါးနဲ့ ချယ်လ်ဆီးတို့ သုံးသင်းစလုံးက ရာဖင်ဟာကို ကြားဖြတ် ခေါ်ယူဖို့ ကြိုးပမ်းလာကြပါတယ်။

Photo Credit: Football London

လက်ရှိမှာတော့ အာဆင်နယ် ၊ စပါးနဲ့ ချယ်လ်ဆီးတို့ သုံးသင်းစလုံးက ရာဖင်ဟာအတွက် ချိတ်ဆက်မှုတွေ အပြိုင်အဆိုင် ပြုလုပ်ထားကြပြီး အာဆင်နယ်က ရာဖင်ဟာကို ခေါ်ယူနိုင်ဖို့ လိဒ်ယူနိုက်တက်နဲ့ တရားဝင် ဆွေးနွေးနေကာ ချယ်လ်ဆီးနဲ့ စပါးတို့ကတော့ ရာဖင်ဟာအတွက် သူ့ရဲ့ အေးဂျင့်ဖြစ်သူ ဒေကိုထံ စုံစမ်းမှုတွေ ပြုလုပ်ထားပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဒေးဗစ် အွန်စတိန်းရဲ့ ဖော်ပြချက်အရ ရာဖင်ဟာက အာဆင်နယ် ၊ ချယ်လ်ဆီးနဲ့ စပါးတို့ရဲ့ ကမ်းလှမ်းမှုတွေကို ရထားပေမယ့် သူဟာ ဘာစီလိုနာဆီသာ မပြောင်းရွှေ့နိုင်ခဲ့ရင် အာဆင်နယ်နဲ့ စပါးထက် ချယ်လ်ဆီးဆီသာ ပြောင်းရွှေ့ဖို့ ပိုမို စိတ်ဝင်စားနေကြောင်း သိရပါတယ်။