ဘရာဇီးလ်အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်းကြီးတစ်ဦးဖြစ်သူ ရီဗယ်လ်ဒိုက သူနဲ့တစ်နိုင်ငံတည်းသားလည်းဖြစ် လက်ရှိမှာ လိဒ်စ်ယူနိုက်တက်အသင်းအတွက်ရော ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက်ပါ ခြေစွမ်းပြလျက်ရှိနေသူ တောင်ပံတိုက်စစ်ကစားသမား ရာဖင်ညာရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး လက်ရှိကလပ်အသင်းထက် ပိုမိုမြင့်မားတဲ့ ကလပ်အသင်းကြီး တစ်သင်းသင်းမှာ ပါဝင်ကစားသင့်ကြောင်းနဲ့ လီဗာပူးလ်အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံသင့်ကြောင်း ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : The Sun

အသက်(၂၄)နှစ်အရွှယ်ရှိ ဘရာဇီးလ်လက်ရွေးစင် တောင်ပံကစားသမား ရာဖင်ညာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ပြင်သစ်လီဂူးကလပ် ရန်းစ်အသင်းကနေ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ တန်းပြန်တတ်လာခဲ့တဲ့ လိဒ်စ်ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့ ပွဲဦးထွက်ခဲ့ရတဲ့ ဘောလုံးရာသီမှာပဲ သွင်းဂိုး(၈)ဂိုး ဂိုးဖန်တီးမှု (၁၁)ကြိမ်အထိကို စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာလည်း လိဒ်စ်ယူနိုက်တက်အသင်းအတွက် (၇)ပွဲကစားပြီးနောက် သွင်းဂိုး(၃)ဂိုး သွင်းယူထားနိုင်တဲ့ ရာဖင်ညာကို လီဗာပူးလ်အသင်းကနေ ခေါ်ယူသွားဖို့အတွက် စိတ်ဝင်စားနေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေတာကြောင့် ရာဖင်ညာအနေနဲ့ ကစားသမားဘဝကို ပိုမိုတိုးတတ်စေဖို့အတွက် လိဒ်စ််ထက် ပိုမြင့်မားတဲ့ ကလပ်အသင်း တစ်သင်းသင်းဆီ ပြောင်းရွှေ့သင့်တယ်လို့ သူရဲ့စီနီယာကြီး ရီဗယ်လ်ဒိုကနေ အကြံပြုလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : The Sun

ရာဖင်ညာရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ရီဗယ်လ်ဒိုက “ရာဖင်ညာက လက်ရွေးစင်အသင်းအတွက် ပွဲဦးထွက်ရချိန်မှာပဲ အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပြသသွားနိုင်ခဲ့တယ်။ ဒါပေမယ့်လည်း သူက လိဒ်စ်ယူနိုက်တက်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ တောက်ပထားပြီးသား ဖြစ်နေသလို လက်ရှိမှာလည်း သူ့ကို လီဗာပူးလ်အသင်းကနေပါ စိတ်ဝင်စားနေတယ်ဆိုတဲ့ ကောလဟာလတွေလည်း ထွက်ပေါ်နေသေးတယ်။ တကယ်လို့သာ သူအနေနဲ့ အပြောင်းအရွှေ့ လုပ်ခဲ့မယ်ဆိုရင် ဒီလိုအသင်းကြီးတွေမှာ ပုံမှန်နေရာရဖို့ကတော့ မလွယ်နိုင်ပါဘူး။ ဒါပေမယ့်လည်း ချန်ပီယံဆုတွေအတွက်နဲ့ ချန်ပီယံလိဂ်လို ပြိုင်ပွဲကြီးမှာ ပါဝင်ကစားခွင့် ရလိုက်ပြီဆိုတာနဲ့ သူ့ကစားသမားဘဝအတွက် အကြီးမားဆုံး ခြေလှမ်းတွေကို လှမ်းလာနိုင်ပါလိမ့်မယ်။ ပြီးတော့ လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံခဲ့ရတာကလည်း ဒီလိုခြေလှမ်းတွေ စတင်လှမ်းလာနိုင်ဖို့အတွက် အားတစ်ခု ဖြစ်စေလာနိုင်ပါတယ်။ သူရဲ့ဘောလုံးကစားဟန်က အရမ်းကောင်းမွန်သလို သူကိုယ်တိုင်ကလည်း ပိုမိုအားကောင်းတဲ့ စိန်ခေါ်မှုတွေကို အမြဲလိုချင်နေသူပါ။ ဒါကြောင့် သူ့အနေနဲ့ အပြောင်းအရွှေ့ ဖြစ်ခဲ့မယ်ဆိုရင် ပိုပြီးအကျိုးရှိလာပါလိမ့်မယ်” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။