MySport Myanmar

ယူရို(၆၇)သန်း (၅)နှစ်စာချုပ်နဲ့ အထမြောက်သွားခဲ့တဲ့ ရာဖင်ညာနဲ့ ဘာစီလိုနာတို့ရဲ့ အပြောင်းအရွှေ့

ဘာစီလိုနာအသင်းဟာ အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်သူ လိဒ်စ်ယူနိုက်တက်အသင်း တောင်ပံကစားသမား ရာဖင်ညာကို ပြောင်းရွှေ့ကြေးနဲ့အပိုုဆုကြေးတွေ အပါအဝင် စုစုပေါင်း ယူရို(၆၇)သန်းနဲ့ ၂၀၂၇ခုနှစ် ဇွန်လအထိ သက်တမ်းရှိနေမယ့် (၅)နှစ်စာချုပ်တစ်ရပ်နဲ့ ခေါ်ယူသွားဖို့ အလုံးစုံ သဘောတူညီမှု ရရှိသွားခဲ့ပြီလို့ သိရှိရပါတယ်။

Photo Credit : Goal

အခုနှစ် နွေရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ အာဆင်နယ် ချယ်လ်ဆီး စပါးတို့လို ပရီးမီးယားလိဂ်အသင်းတွေနဲ့အပြင် ဘာစီလိုနာနဲ့ပါ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေပြီး အာဆင်နယ် ချယ်လ်ဆီးအသင်းတွေဆီပါ ရောက်ရှိဖို့ နီးစပ်ခဲ့သေးတဲ့ ရာဖင်ညာဟာ အခုဆိုရင်တော့ သူအမှန်တကယ်ကို ပြောင်းရွှေ့ချင်နေတဲ့ ဘာစီလိုနာအသင်းဆီကို သေချာပေါက် ပြောင်းရွှေ့ရတော့မှာ ဖြစ်ပါတယ်။ ယခင်ကတည်းက ဘာစီလိုနာအသင်းဆီ ပြောင်းရွေွှ့ကစားဖို့ ကိုယ်တိုင် သဘောတူညီထားခဲ့တဲ့ ရာဖင်ညာဟာ လက်ရှိမှာ ဘာစီလိုနာအသင်းသား ဖြစ်လာဖို့အတွက် လိဒ်စ်အသင်းဘက်ကပါ ဘာစီလိုနာအသင်း ကမ်းလှမ်းမှုကို သဘောတူညီခဲ့ပြီဖြစ်လို့ ဒီအပြောင်းအရွှေ့က done deal ဖြစ်သွားခဲ့ပြီလို့ပင် သတ်မှတ်နိုင်ပါတယ်။

Photo Credit : Youtube

အသက်(၂၅)နှစ်အရွယ် ဘရာဇီးလ်လက်ရွေးစင် တောင်ပံကစားသမား ရာဖင်ညာဟာ ၂၀၂၀ခုနှစ်ကမှ ရန်းစ်ကနေ လိဒ်စ်ယူနိုက်တက်ဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး လိဒ်စ်မှာ အကောင်းဆုံးခြေစွမ်းတွေနဲ့ တောက်ပနိုင်ခဲ့သလို ပြီးခဲ့တဲ့ရာသီကလည်း အသင်းကို ပရီးမီးယားလိဂ်ကနေ တန်းမဆင်းရအောင် အဓိကနေရာကနေ စွမ်းဆောင်ပေးထားတာကြောင့် သူ့ကို ကလပ်အသင်းကြီးတွေက စိတ်ဝင်စားလာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ လိဒ်စ်နဲ့ ဘောလုံးရာသီ နှစ်ရာသီ ဖြတ်သန်းထားနိုင်ခဲ့တဲ့ ရာဖင်ညာဟာ အသင်းအပြောင်းအလဲ လုပ်ဆောင်ချင်နေပြီး သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲကမှ ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့ချင်နေသလို (၅)နှစ်သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ်နဲ့ ပြောင်းရွှေ့ဖို့အတွက်ပါ ရာဖင်ညာရဲ့ အေးဂျင့်ဒေကိုနဲ့ သဘောတူညီမှုတစ်ရပ် ရယူထားနိုင်ခဲ့ပါသေးတယ်။ ဘာစီလိုနာဘက်ကလည်း ရာဖင်ညာ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့နဲ့ အခြားအသင်းတွေထက် လက်ဦးမှု ရယူပြီး ခေါ်ယူနိုင်ဖို့ ဆက်တိုက် ကြိုးပမ်းလာခဲ့ရာ အခုဆိုရင် ပြောင်းရွှေ့ကြေး ယူရို(၅၈)သန်း အပိုဆုကြေး+ပြောင်းရွှေ့ကြေး ယူရို(၆၇)သန်းနဲ့ သဘောတူညီမှု ရယူနိုင်ခဲ့တာကြောင့် မကြာခင်မှာပဲ ဒီအပြောင်းအရွှေ့ကို အပြီးသတ်နိုင်တော့မှာ ဖြစ်ပါတယ်။

Exit mobile version