ပြင်သစ်အသင်းရဲ့ စူပါစတား တိုက်စစ်ကစားသမား ကီလီယန် အမ်ဘာပေက ယူရိုပြိုင်ပွဲဟာ ကမ္ဘာ့ဖလားပြိုင်ပွဲထက်တောင် ပိုမို ခက်ခဲမှု ရှိတယ်လို့ ပြောဆိုခဲ့တဲ့ စကားအပေါ် ဘရာဇီးလ် တောင်ပံကစားသမား ရာဖင်ဟာက ပြန်လည် တုံ့ပြန်မှုတွေ လုပ်ဆောင်သွားခဲ့ပါတယ်။

ဘာပေဟာ ကလပ်အသင်း ကစားသမားဘဝထက် လက်ရွေးစင် ကစားသမားဘဝမှာ ပိုမို အောင်မြင်နိုင်ခဲ့သူဖြစ်ပြီး ပြင်သစ်အသင်းနဲ့ ကမ္ဘာ့ဖလား ချန်ပီယံရော UEFA Nations League ချန်ပီယံဆုကိုပါ ပိုင်ဆိုင်နိုင်ခဲ့ကာ သူမရဖူးသေးတဲ့ ဆုဖလားဆိုလို့ ယူရိုပြိုင်ပွဲဖလား တစ်ခုတည်းသာ ကျန်ရှိနေပါတော့တယ်။

Photo Credit : NBC Sports

ဘာပေကိုယ်တိုင်ကလည်း ပြင်သစ်အသင်းနဲ့အတူ ယူရိုဖလားကြီးကို ကိုင်မြှောက်သွားချင်ကြောင်း ထုတ်ဖော် ပြောဆိုထားခဲ့ပြီး သူ့အနေနဲ့ ပြင်သစ်အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် ပထမဆုံးအကြိမ်အဖြစ် ပါဝင်ဆင်နွဲသွားရမယ့် အခု ယူရို-၂၀၂၄ ပြိုင်ပွဲမှာပါ ယူရိုဖလားကို အရ ယူသွားဖို့ စိတ်အားထက်သန်လျက် ရှိနေတယ်လို့ အင်တာဗျူးမှာ ပြောဆိုထားခဲ့ပါတယ်။

ဒါ့အပြင် ဘာပေက ယူရိုပြိုင်ပွဲဟာ ကမ္ဘာ့ဖလားပြိုင်ပွဲထက် ပိုမို ရှုပ်ထွေးတယ် ပိုပြီးခက်ခဲတယ်လို့ မှတ်ချက်ပြု ပြောဆိုခဲ့သေးတာမို့ ဒီစကားနဲ့ ပတ်သက်ပြီး တောင်အမေရိက ကစားသမား အများအပြားက ဘာပေရဲ့ မှတ်ချက်စကားကို လက်မခံနိုင်ပဲ တုံ့ပြန် ပြောဆိုမှုတွေ လုပ်ဆောင်လာခဲ့ကြပါတယ်။

Photo Credit : Marca

ဘရာဇီးလ်အသင်းရဲ့ တောင်ပံကစားသမား ရာဖင်ဟာကလည်း ဘာပေရဲ့ မှတ်ချက်စကားနဲ့ ပတ်သက်ပြီး “ယူရိုက ကမ္ဘာ့ဖလားထက် ပိုခက်ခဲတယ်လို့ ဘာပေက ပြောခဲ့တာလား။ သူက တောင်အမေရိက အသင်းတစ်သင်းကို ကမ္ဘာ့ဖလားဖိုင်နယ်မှာ ရှုံးနိမ့်ခဲ့ဖူးတာဆိုတော့ သူ့အတွက်တော့ စိတ်မကောင်းပါဘူး။”

“ဥရောပက အသင်းတွေ ကျွန်တော်တို့ ကစားနေရတဲ့ ဘောလုံးကွင်းတွေမှာ တောင်အမေရိက ခြေစစ်ပွဲတွေ လာကစားတာကို ကျွန်တော် မြင်ဖူးချင်လိုက်တာ။ ဒါမှ ဘယ်လောက်ခက်ခဲမှု ရှိလဲဆိုတာကို သူတို့သိရမှာ။” ဆိုပြီး တုံ့ပြန် ပြောကြားသွားခဲ့ပါတယ်။ လက်ရှိမှာတော့ ဘာပေဟာ ပြင်သစ်အသင်းနဲ့အတူ ယူရို-၂၀၂၄ ပြိုင်ပွဲကို ယှဉ်ပြိုင်ရတော့မှာဖြစ်ပြီး ရာဖင်ဟာကတော့ သူရဲ့ဘရာဇီးလ်အသင်းနဲ့အတူ ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲကို လာမယ့် ရက်ပိုင်းအတွင်းမှာပဲ ဆင်နွဲသွားရပါတော့မယ်။