ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက သူတို့အသင်းရဲ့ မြို့ခံပြိုင်ဘက် အာဆင်နယ်ရဲ့ အဓိက ပစ်မှတ် ကစားသမား တဦး ဖြစ်သူ လိဒ်ယူနိုက်တက် တိုက်စစ်ကစားသမား ရာဖင်ဟာကို အာဆင်နယ်ရဲ့ လက်ထဲကနေ ကြားဖြတ် ခေါ်ယူနိုင်တော့မယ်လို့ အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက တညီတညွတ်ထဲ ဖော်ပြသွားကြပါတယ်။

မကြာသေးမီကမှ အသင်းပိုင်ရှင်သစ် အပြောင်းအလဲ ဖြစ်ထားတဲ့ ချယ်လ်ဆီးက ယခု နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ ပူးတွဲပိုင်ရှင် တော့ပ် ဘိုလီရဲ့ ဦးဆောင်မှုနဲ့အတူ အသင်းကို ဥရောပ ထိပ်တန်းအသင်း တသင်း ဖြစ်လာအောင် ပြန်လည် တည်ဆောက်ဖို့ ချိန်ရွယ် ကြိုးစားနေတဲ့ အသင်း ဖြစ်ပြီး လိဒ်ယူနိုက်တက်နဲ့ အတူ တောက်ပနေတဲ့ ဘရာဇီးလ်ကြယ်ပွင့် ကစားသမား ရာဖင်ဟာက ချယ်လ်ဆီးရဲ့ အဓိက ပစ်မှတ် ကစားသမား စာရင်းထဲမှာ ပါဝင်နေသူပါ။

Photo Credit: Football 365

အသက် ၂၅နှစ် အရွယ် ဘရာဇီးလ်ကြယ်ပွင့် ရာဖင်ဟာက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ လိဒ်ယူနိုက်တက်ကို တန်းမဆင်းရအောင် အဓိက ကူညီပေးခဲ့သူ တဦး ဖြစ်ပြီး သူ့ရဲ့ စွမ်းဆောင်ရည်ကောင်းတွေကြောင့် လန်ဒန်မြို့ခံ ဖြစ်တဲ့ အာဆင်နယ်က သူ့ကို ခေါ်ယူနိုင်ဖို့ ယခုနှစ် နွေဈေးကွက် စတင်ချိန်ကတည်းက ကြိုးပမ်းခဲ့တာလည်း ဖြစ်ပါတယ်။

ကနဦးမှာ အာဆင်နယ်က ရာဖင်ဟာအား ခေါ်ယူနိုင်ဖို့ နီးစပ်တဲ့ အနေအထား တခုကို ပိုင်ဆိုင်ခဲ့ပေမယ့် ပူးတွဲပိုင်ရှင် တော့ပ် ဘိုလီ ကိုယ်တိုင် ဦးဆောင်နေတဲ့ ချယ်လ်ဆီးက ရာဖင်ဟာအတွက် လိဒ်ယူနိုက်တက်က မငြင်းဆန်နိုင်မယ့် ပြောင်းရွှေ့ကြေး ပေါင် ၆၀သန်းနဲ့ ၆၀သန်းကြား ရှိတဲ့ ကမ်းလှမ်းမှု တခု တရားဝင် ပြုလုပ်ကာ ရာဖင်ဟာကို ခေါ်ယူဖို့ ကြိုးပမ်းလာခဲ့ရာမှာတော့ အာဆင်နယ်က ရာဖင်ဟာလုပွဲမှာ ချယ်လ်ဆီးကို အရှုံးပေးရဖို့ အခွင့်အလမ်း များပြားနေပါတယ်။

Photo Credit: Football 365

နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနို အပါအဝင် ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တွေရဲ့ ဖော်ပြချက်တွေအရ ချယ်လ်ဆီးက ရာဖင်ဟာကို ခေါ်ယူဖို့ လိဒ်ယူနိုက်တက်နဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရထားပြီး ယခုအချိန်မှာတော့ ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေက အသင်းရဲ့ ကစားသမားဟောင်းလည်းဖြစ် ၊ ရာဖင်ဟာရဲ့ အေးဂျင့်လည်း ဖြစ်တဲ့ ဒေကိုနဲ့ တွေ့ဆုံကာ ရာဖင်ဟာနဲ့ စာချုပ်ကိစ္စ သဘောတူညီမှု ရအောင် ဆက်လက် ကြိုးပမ်းနေကြောင်း သိရပါတယ်။

ရာဖင်ဟာကလည်း ယခင်ထဲက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဝင်ရောက် ကစားချင်နေတာကြောင့် ချယ်လ်ဆီးရဲ့ ကမ်းလှမ်းမှုကို ရထားချိန်မှာ အာဆင်နယ်ကို ငြင်းဆန်ပြီး ချယ်လ်ဆီးဆီ ပြောင်းရွှေ့ချင်နေကြောင်း နီးစပ်သူတွေက ပြောကြားထားကြပါတယ်။