ယခုနှစ် နွေဈေးကွက် အတွင်းမှာ ချယ်လ်ဆီး ၊ အာဆင်နယ် ၊ စပါးနဲ့ ဘာစီလိုနာတို့ရဲ့ အပြိုင်အဆိုင် ကမ်းလှမ်းမှုတွေကို ရရှိထားတဲ့ လိဒ်ယူနိုက်တက် ကြယ်ပွင့် ကစားသမား ရာဖင်ဟာကတော့ သူ့ရဲ့ ငယ်ဘဝ အိမ်မက်အသင်း ဖြစ်တဲ့ ဘာစီလိုနာဆီသာ ပြောင်းခွင့် မရရင် တခြားအသင်းတွေဆီ ပြောင်းရွှေ့ဖို့ထက် လိဒ်ယူနိုက်တက်မှာသာ ဆက်နေကာ ဘာစီလိုနာဆီ ပြောင်းခွင့် ရတဲ့ အချိန်အထိ စောင့်ဆိုင်းဖို့ ဆုံးဖြတ်ထားကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၅နှစ် အရွယ် ဘရာဇီးလ် ကြယ်ပွင့် ကစားသမား ရာဖင်ဟာက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ လိဒ်ယူနိုက်တက်ကို တန်းမဆင်းရအောင် အဓိက ကူညီပေးခဲ့တဲ့ ကစားသမား တဦး ဖြစ်ပြီး သူက တသင်းလုံးနီးပါး စွမ်းဆောင်ရည်တွေ ညံ့ဖျင်းနေတဲ့ လိဒ်ယူနိုက်တက်မှာ ကစားခဲ့ရပေမယ့် ပြိုင်ပွဲစုံ သွင်းဂိုး ၁၁ဂိုး အထိ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၃ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Mirror

သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ အာဆင်နယ် ၊ ချယ်လ်ဆီး ၊ စပါးနဲ့ ဘာစီလိုနာတို့က သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ကြပြီး ချယ်လ်ဆီးနဲ့ ဘာစီလိုနာတို့က သူ့အတွက် အပြိုင်အဆိုင် ကမ်းလှမ်းမှုတွေ ပြုလုပ်ထားကာ လိဒ်ယူနိုက်တက်ကတော့ ရာဖင်ဟာ အတွက် ပြောင်းရွှေ့ကြေး ပေါင် ၆၀သန်းကို တခါထဲ ပေးချေမယ့် ချယ်လ်ဆီးရဲ့ ကမ်းလှမ်းမှုကို လက်ခံထားပါတယ်။

ဒါပေမယ့် ရာဖင်ဟာကတော့ ချယ်လ်ဆီးဆီ ပြောင်းရွှေ့ဖို့ထက် သူ့ရဲ့ ငယ်ဘဝ အိမ်မက်ကလပ် ဖြစ်တဲ့ ဘာစီလိုနာဆီ ပြောင်းရွှေ့ကာ သူ့ရဲ့ ငယ်ဘဝ အိမ်မက်ကို ဖြည့်ဆည်းဖို့သာ ဆုံးဖြတ်ထားပြီး ချယ်လ်ဆီးရဲ့ တပတ် လုပ်ခလစာ ပေါင် ၁သိန်းခွဲနဲ့ ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ကမ်းလှမ်းမှုကိုလည်း ငြင်းဆန် ပယ်ချခဲ့ကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ ESPN သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။

Photo Credit: Mirror

ESPN သတင်းဌာနရဲ့ ပင်တိုင် ဆောင်းပါးရှင် နှစ်ဦး ဖြစ်တဲ့ မွိုက်စ် လောရန်နဲ့ ဆန်မြူရယ် မာစဒန်တို့ရဲ့ ဖော်ပြချက်တွေအရ ရာဖင်ဟာက ဘာစီလိုနာဆီသာ ပြောင်းခွင့် မပေးရင် ချယ်လ်ဆီးဆီ ပြောင်းဖို့ထက် လိဒ်ယူနိုက်တက်မှာသာ ဆက်နေပြီး လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့နဲ့ နွေဈေးကွက် အပြောင်းအရွှေ့ ရောက်မှသာ ဘာစီလိုနာဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။