စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာရဲ့ ကြယ်ပွင့် ကစားသမားသစ် ရာဖင်ဟာက သူဟာ ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင် ကစားရမယ့် ခြေစမ်းပွဲကို ကစားဖို့ မစောင့်နိုင်တော့ကြောင်းနဲ့ သူတို့အသင်းဟာ ရီးရဲလ်မက်ဒရစ်ထက် ပိုကောင်းကြောင်း ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘာစီလိုနာ ၆-၀ အင်တာ မိုင်ယာမီ ပွဲစဉ်အပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဘာစီလိုနာက သူတို့အသင်းရဲ့ ရာသီကြို လေ့ကျင့်ခန်း အစီအစဉ်တွေ ပြုလုပ်ဖို့ အမေရိကန်နိုင်ငံဆီ ရောက်ရှိနေပြီး သူတို့ရဲ့ အမေရိကန် ခရီးစဉ်အတွင်း ပထမဦးဆုံး ခြေစမ်းပွဲ အဖြစ် အင်တာ မိုင်ယာမီနဲ့ ခြေစမ်းခဲ့ရာမှာ ရာဖင်ဟာ ၊ အူဘာမီယန်း ၊ ဒီပိုင်း ၊ ဖာတီ ၊ ဂါဗီယာနဲ့ ဒမ်ဘီလီတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ဂိုးပြတ်နိုင်ပွဲ တပွဲ ရရှိခဲ့ပါတယ်။

Photo Credit: Marca

ဘာစီလိုနာက အမေရိကန် ခရီးစဉ်ရဲ့ ဒုတိယမြောက် ပွဲစဉ်အဖြစ် လာမယ့် ၂၄ရက်နေ့ မနက် ၉နာရီခွဲမှာ ခါးသီးပြိုင်ဘက် ရီးရဲလ်မက်ဒရစ်နဲ့ ယှဉ်ပြိုင် ကစားရဖို့ ရှိနေပြီး ချန်ပီယံလိဂ် ချန်ပီယံ ရီးရဲလ်မက်ဒရစ်နဲ့ ယခု နွေဈေးကွက် အတွင်းမှာ ထိပ်တန်း ကစားသမားတွေ ခေါ်ယူထားတဲ့ ဘာစီလိုနာတို့ရဲ့ အယ်ကလပ်စီကို ဒါဘီမှာ ဘယ်အသင်းက အသာစီး ရသွားမလဲ ဆိုတာက အတော်လေး စိတ်ဝင်စားစရာ ကောင်းပါတယ်။

Photo Credit: Marca

ချယ်လ်ဆီး ၊ အာဆင်နယ် ၊ စပါးတို့ရဲ့ ကမ်းလှမ်းမှုတွေကို ငြင်းဆန်ပြီး ဘာစီလိုနာဆီ ပြောင်းရွှေ့လာတဲ့ ကစားသမားသစ် ရာဖင်ဟာကတော့ သူ့ရဲ့ ဘာစီလိုနာ ကစားသမား ဘဝ ပထမဦးဆုံး ပွဲစဉ်မှာပဲ အသင်းအတွက် သွင်းဂိုး ၁ဂိုး သွင်းယူပေးခဲ့ပြီးနောက် သူဟာ ရီးရဲလ်မက်ဒရစ်နဲ့ ကစားရမယ့် အယ်ကလပ်စီကို ပွဲစဉ်ကို ဝင်ရောက် ကစားဖို့ မစောင့်နိုင်တော့ကြောင်းနဲ့ သူတို့အသင်းက ရီးရဲလ်မက်ဒရစ်ထက် ပိုကောင်းတယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ရာဖင်ဟာက – “ကျွန်တော်တို့က အယ်ကလပ်စီကိုပွဲကို ကစားဖို့ အဆင်သင့်ပါပဲ။ ကျွန်တော်ကတော့ ကျွန်တော်တို့ အသင်းဟာ ရီးရဲလ်မက်ဒရစ်ထက် ပိုကောင်းတယ်လို့ ယူဆထားပါတယ်” ဆိုပြီး ဖွင့်ဟ ပြောပြသွားခဲ့တာပဲ ဖြစ်ပါတယ်။