မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဘယ်နောက်ခံကစားသမားဟောင်းကြီးတစ်ဦးဖြစ်တဲ့ ပက်ထရစ်အီဗရာက သူနဲ့အတူ ပြင်သစ်လက်ရွေးစင်အသင်းမှာ တွဲဖက်ကစားခဲ့ဖူးတဲ့ နောက်ခံကစားသမား ရာဖယ်ဗာရန်းကို ဒီနှစ်နွေစျေးကွက်အတွင်း ရီးယဲလ်မက်ဒရစ်အသင်းကနေ ခေါ်ယူလိုက်နိုင်တာဟာ ယူနိုက်တက်အတွက် ထိပ်တန်းခေါ်ယူမှုတစ်ခုဖြစ်ပြီး အသင်းအနေနဲ့ ဗာရန်းကို ခေါ်ယူလိုက်နိုင်ခြင်းဟာ ရီယိုဖာဒီနန်ကို ခေါ်ယူလိုက်နိုင်သလို အသင်းအတွက် အကျိုးရှိစေလိမ့်မယ်လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Manchester Evening News

အသက်(၂၈)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် နောက်ခံကစားသမား ဗာရန်းဟာ ၂၀၁၁ခုနှစ်ကမှ လန်းစ်ကနေ ရီးယဲလ်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းမှာလည်း ဆယ်စုနှစ်တစ်ခုအထိ ပါဝင်ကစားခဲ့သလို အသင်းနဲ့အတူ ဆုဖလားအောင်မြင်မှုများစွာကိုလည်း ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့ချိန်မှာ ဗာရန်းက သက်တမ်းတိုးဖို့ထက် သူ့ကို အရခေါ်ယူချင်နေတဲ့ ယူနိုက်တက်အသင်းဆီကိုပဲ ပြောင်းရွှေ့ကစားဖို့ကိုသာ ဆုံးဖြတ်ချက်ချသွားခဲ့ပါတယ်။ အခုလို အသင်းဆီကို ပြောင်းရွှေ့လာခဲ့တဲ့ ဗာရန်းက ယူနိုက်တက်အတွက် အတော်လေးကို အကျိုးရှိစေမယ့် အပြောင်းအရွှေ့တစ်ခု ဖြစ်လာမယ်လို့ အီဗရာက မှတ်ချက်ပြုပြောဆိုလိုက်ပါတယ်။

Photo Credit : The Sun

ဗာရန်းရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး အီဗရာက “ဗာရန်းကို ကြည့်ရင် ရီယိုဖာဒီနန်ကြီးကို သတိရသွားမိစေတယ်။ ခြေထောက်ထဲ ဘောလုံးရှိနေရင် အကောင်းဆုံး ကစားနိုင်တယ်။ အမြင့်ဘောတွေလည်း ကောင်းတယ်။ ဗဟိုခံစစ်ကစားသမားတွေထဲမှာတော့ တကယ်ကို ကောင်းမွန်လှတဲ့သူ။ သူရဲ့ ပထမဆုံးသော ပြင်သစ်လက်ရွေးစင် ပွဲစဉ်ကို ကျွန်တော်မှတ်မိနေသေးတယ်။ သူရဲ့ခြေစွမ်းတွေကို ကျွန်တော် တော်တော်လေးကို အထင်ကြီးလေးစားခဲ့ရတယ်။ သူက သူပါဝင်ကစားတဲ့ ဘောလုံးအသင်းတစ်သင်းအတွက် အကောင်းဆုံးဖြစ်အောင် စွမ်းဆောင်ပေးနိုင်တယ်။ ခြေထောက်ထဲ ဘောလုံးရှိနေရင် တည်ငြိမ်တယ်။ လျင်မြန်မှုအားလည်း ကောင်းတယ်။ ဂိုးတွေလည်း သွင်းယူနိုင်တယ်။ ဒါကြောင့် ဒီလို ကစားသမားမျိုးကို ခေါ်ယူလိုက်နိုင်တာဟာ ယူနိုက်တက်အသင်းအတွက် ထိပ်တန်းခေါ်ယူမှုတစ်ခု ဖြစ်လာပါလိမ့်မယ်” လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားကလည်း အောင်မြင်မှုများစွာနဲ့ အကောင်းဆုံး ကစားသမားဖြစ်ကြောင်း သက်သေပြထားခဲ့ဖူးတဲ့ ဗာရန်းကို အသင်းဆီ အရခေါ်ယူလိုက်နိုင်တာကြောင့် အလွန်ကို စိတ်လှုပ်ရှား ဝမ်းမြောက်မိရတယ်လို့ ပြောဆိုလာခဲ့ပါတယ်။