ဘောလုံးပရိသတ်တွေနဲ့ လအနည်းငယ်လောက် အဆက်ပြတ်နေခဲ့ရတဲ့ ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲတွေကတော့ ဒီတစ်ပတ်တည်းမှာပဲ ပြန်လည်စတင်တော့မှာ ဖြစ်ပါတယ်။ တကယ်ကို စိတ်လှုပ်ရှားစရာ ပွဲကြီးပွဲကောင်းတွေနဲ့ ချန်ပီယံလိဂ် (၁၆)သင်း ရှုံးထွက်ပွဲစဉ်တွေကို မကြည့်ရှုခင် ချန်ပီယံလိဂ် သမိုင်းတလျှောက် ဒီအဆင့်မှာ ဂိုးအများဆုံး သွင်းယူထားခဲ့ကြတဲ့ ကစားသမား(၅)ယောက်အကြောင်းနဲ့ အရင်ဆုံး ဖော်ပြပေးသွားချင်ပါတယ်။

(၅)ဘန်ဇီမာ

ရီးယဲလ်အသင်းနဲ့ ချန်ပီယံလိဂ် (၄)ကြိမ်ထိ ရယူထားဖူးတဲ့ ဘန်ဇီမာက (၁၆)သင်းအဆင့်ကို ရီးယဲလ်နဲ့အပြင် အသင်းဟောင်း လိုင်ယွန်နဲ့ပါ ယှဉ်ပြိုင်ခဲ့ဖူးတာ ဖြစ်ပါတယ်။ လိုင်ယွန်မှာ ကစားခဲ့စဉ်က (၁၆)သင်းအဆင့်မှာ သွင်းဂိုး(၁)ဂိုး သွင်းယူနိုင်ခဲ့တဲ့ ဘန်ဇီမာဟာ ရီးယဲလ်ကစားသမားအဖြစ်နဲ့တော့ (၁၆)သင်းအဆင့်မှာ သွင်းဂိုး(၁၁)ဂိုုးထိ သွင်းယူနိုင်ခဲ့ပါတယ်။

(၄)မူလာ

သွင်းဂိုးတွေ ဖန်တီးနိုင်သူအဖြစ် ကျော်ကြားတဲ့ မူလာဟာလည်း ချန်ပီယံလိဂ်မှာ သွင်းဂိုး(၅၀)ပြည့်ထားသူ ဖြစ်သလို အဲ့ဒီထဲကမှ သွင်းဂိုး(၁၂)ကို (၁၆)သင်း ရှုံးထွက်အဆင့်မှာ သွင်းယူထားနိုင်တာ ဖြစ်ပါတယ်။ ဘိုင်ယန်နဲ့ ချန်ပီယံလိဂ် (၂)ကြိမ် ရယူထားသူ မူလာဟာ ဒီနှစ်ရဲ့ (၁၆)သင်းအဆင့် ပွဲစဉ်မှာပါ ဘိုင်ယန်အတွက် သွင်းဂိုးတွေ ရယူပေးနိုင်ဖွယ် ရှိနေပါတယ်။

(၃)လီဝန်ဒေါစကီး

ဒီရာသီ ချန်ပီယံလိဂ်မှာ သွင်းဂိုး(၉)ဂိုးထိ သွင်းယူထားခဲ့တဲ့ ဘိုင်ယန် တိုက်စစ်ကစားသမား လီဝန်ဒေါစကီးဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ သမိုင်းတလျှောက် တတိယမြောက် ဂိုးအများဆုံး သွင်းယူထားသူအဖြစ် (၈၂)ဂိုးနဲ့ ရပ်တည်နေပါတယ်။ အဲ့ဒီ(၈၂)ဂိုးထဲကမှ (၁၄)ဂိုးကိုတော့ (၁၆)သင်း ရှုံးထွက်အဆင့်မှာ သွင်းယူထားခဲ့တာဖြစ်ပြီး ဒီတစ်ခေါက် (၁၆)သင်းအဆင့်မှာလည်း သူရဲ့သွင်းဂိုးတွေကို ထပ်မံမြင်တွေ့ရနိုင်ပါတယ်။

(၂)ရော်နယ်လ်ဒို

သွင်းဂိုး(၁၄၀)နဲ့ ချန်ပီယံလိဂ်ရဲ့ သွင်းဂိုးအများဆုံး ကစားသမားဖြစ်နေတဲ့ ရော်နယ်လ်ဒိုဟာလည်း ယူနိုက်တက် ရီးယဲလ် ဂျုဗင်တပ်စ်အသင်းတွေနဲ့ (၁၆)သင်းအဆင့် ပွဲစဉ်ပေါင်းများစွာကို ယှဉ်ပြိုင်ခဲ့ပြီး သွင်းဂိုးစုစုပေါင်း (၂၅)ဂိုးထိကို သွင်းယူထားပါတယ်။ အခုလည်း ယူနိုက်တက်အသင်းနဲ့အတူ (၁၆)သင်းအဆင့်ကို ထပ်မံရောက်ရှိနေတာမို့ ရော်နယ်လ်ဒိုရဲ့ သွင်းဂိုးတွေကိုလည်း မြင်တွေ့ရနိုင်ဖွယ် ရှိနေပါတယ်။

(၁)မက်ဆီ

မက်ဆီကတော့ ချန်ပီယံလိဂ် (၁၆)သင်းအဆင့်ကို ဘာစီလိုနာမဟုတ်တဲ့ တခြားကလပ်အသင်းနဲ့ ပထမဆုံးအကြိမ်အဖြစ် ယှဉ်ပြိုင်ရပါတော့မယ်။ ဘာစီလိုနာမှာ ပါဝင်ခဲ့စဉ်တုန်းက ဒီအဆင့်အတွင်း သွင်းဂိုး(၂၉)ဂိုးအထိကို သွင်းယူထားတဲ့ မက်ဆီဟာ လက်ရှိ ချန်ပီယံလိဂ်ပြိုင်ပွဲတလျှောက် ဒုတိယမြောက် ဂိုးသွင်းအများဆုံးသူ ဖြစ်နေသလို သူရဲ့ပြိုင်ဘက်ဟောင်း ရီးယဲလ်နဲ့ ပြန်လည်တွေ့ဆုံရမယ့် (၁၆)သင်းအဆင့် ပွဲစဉ်မှာပါ မက်ဆီရဲ့သွင်းဂိုးတွေကို မျှော်လင့်နိုင်ဖွယ် ရှိနေပါတယ်။