မနေ့ညက ပရီးမီးယားလိဂ်ပွဲစဉ်(၁၁)အဖြစ် ယှဉ်ပြိုင်ခဲ့ကြတဲ့ အာဆင်နယ်အသင်းနဲ့ ဝက်ဖိုဒ့်အသင်းတို့ရဲ့ ပွဲစဉ်အတွင်းမှာ အိမ်ရှင်အာဆင်နယ်အသင်းက လူငယ်ကွင်းလယ်ကစားသမားလေး စမစ်ရိုးရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရခဲ့ပြီး အသင်းကိုလည်း ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့်(၅)နေရာထိ ရောက်ရှိအောင်ပါ တွန်းပို့နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့ ဝက်ဖိုဒ့်အသင်းရဲ့ နည်းပြကြီး ရာနီရေးနီကတော့ ပွဲအပြီးမှာပဲ အာဆင်နယ်အသင်းက လေးစားမှုမရှိတဲ့ အသင်းတစ်သင်းလို့ စွပ်စွဲပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

နောက်ပိုင်းကာလတွေအတွင်း ရလဒ်တွေ တောက်လျှောက်ကောင်းမွန်လို့နေတဲ့ အာဆင်နယ်အသင်းဟာ မနေ့က သူတို့ရဲ့အိမ်ကွင်းမှာ ဝက်ဖိုဒ့်အသင်းကို ဧည့်ခံကစားခဲ့ရတာဖြစ်ပြီး စမစ်ရိုးရဲ့ ဂိုးဧရိယာအစပ်နားက သွင်းယူခဲ့တဲ့ သွင်းဂိုးနဲ့ အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုးမတိုင်ခင် အစောပိုင်းမိနစ်မှာ ရရှိခဲ့တဲ့ ဆာကာသွင်းဂိုး လူကျွံနေသလို အူဘာမီယန်းရဲ့ ပင်နယ်တီကန်ချက်ကိုလည်း ဂိုးသမားဘင်ဖော်စတာက ကာကွယ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ဝက်ဖိုဒ့်နည်းပြ ရာနီရေးနီကတော့ အာဆင်နယ်အတွက် သွင်းဂိုးအဖြစ် သတ်မှတ်ပေးခဲ့တဲ့ ဂိုးဟာလည်း တကယ်တမ်းဆို ပြစ်ဒဏ်ကျူးလွန်မှု တစ်ခုသာဖြစ်ပြီး ကစားသမားတစ်ဦး ဒဏ်ရာရနေလို့ ဘေးကန်ထုတ်ခဲ့တဲ့ ဘောလုံးကို အာဆင်နယ်ဘက်ကနေ ပြန်ပေးခဲ့ခြင်းမရှိပဲ ဂိုးသွင်းယူထိပါ လုပ်ဆောင်ခဲ့တာဟာ အရမ်းကို လေးစားမှု မရှိတဲ့လုပ်ရပ်လို့ ဝေဖန်သွားခဲ့ပါတယ်။

Photo Credit : Goal

အာဆင်နယ်အသင်းရဲ့ သွင်းဂိုး မသွင်းယူနိုင်သေးခင် မိနစ်ပိုင်းမှာပဲ ဝက်ဖိုဒ့်ကွင်းလယ်လူ အိုဇန်တူဖန် ဒဏ်ရာရသွားခဲ့လို့ ဆေးကုသမှု ခံယူဖို့အတွက် ဘောလုံးကို ကွင်းဘေးစည်းဆီ ကန်ထုတ်ခဲ့ပေမယ့် အာဆင်နယ်ဘက်က ဒါကို ဝက်ဖိုဒ့်အသင်းဆီ ဘောလုံးပြန်မပေးခဲ့ပဲ ဝက်ဖိုဒ့်ကွင်းဘက်မှာ ဆက်လက်တိုက်စစ်ဆင်ရင်းနဲ့ ဂိုးပါ ရရှိသွားခဲ့တာဖြစ်ကြောင်းနဲ့ အာဆင်နယ်အသင်းက ပြိုင်ဘက်အသင်းအပေါ် လေးစားမှုကင်းမဲ့ကြောင်းကို ပွဲအပြီး နည်းပြချင်း နှုတ်ဆက်ရာမှာ ရာနီရေးနီက အာဆင်နယ်နည်းပြ အာတီတာကို အသိပေး ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အာဆင်နယ်အသင်းရဲ့ သွင်းဂိုးဖြစ်စဉ်မှာ အာဆင်နယ်ကစားသမား မီလန်းနိုင်းစ်က ဝက်ဖိုဒ့်တောင်ပံကစားသမား အစ္စမိုင်လာဆားဆီကို ဘောလုံးရယူဖို့ ကြိုးပမ်းခဲ့ရာမှာလည်း ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်လို့ပါ ရာနီရေးနီက စွပ်စွဲပြောဆိုခဲ့ပါသေးတယ်။ ဒါပေမယ့် ရာနီရေးနီက သူနဲ့ အာတီတာတို့ကြားမှာတော့ ဘာပြသာနာမှ ရှိမနေကြောင်း အာတီတာကလည်း သူ့အသင်းသားတွေအနေနဲ့ ဒီကိစ္စကို သတိမပြုလိုက်မိတာပဲ ဖြစ်နို်င်ကြောင်း ရာနီရေးနီဘက်က သူတို့အသင်းကို လေးစားမှုမရှိတဲ့ အသင်းလို့ ထင်မြင်မယ်ဆိုရင်လည်း တောင်းပန်လိုပါကြောင်း ပြန်လည်ဖြေရှင်းသွားခဲ့ပါတယ်။