ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ ရက်ဖ် ရန်းဂ်နစ်ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဝုဗ်အသင်းကို အရေးနိမ့်ခဲ့ရတာဟာ သူတို့အသင်းရဲ့ ခြေစွမ်းပိုင်း အားနည်းမှုကြောင့် ဖြစ်ကြောင်း ပွဲအပြီးမှာ ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။
ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ဆိုးတွေနဲ့ ကြုံတွေ့နေရတာကြောင့် ရာသီကုန်ရင် အဆင့်၄အတွင်း ဝင်ရောက်နိုင်ဖို့ ရုန်းကန်နေရတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဝုဗ်အသင်းကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံကစားခဲ့ရတဲ့ ပွဲစဉ်မှာလည်း ရှုံးပွဲနဲ့ ထပ်မံ ကြုံတွေ့ခဲ့ရပါတယ်။
Photo Credit: Express
အိုးထရက်ဖို့ဒ်ကွင်းထဲမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲစဉ်မှာ နှစ်သင်းစလုံးရဲ့ ခြေစွမ်းပိုင်းက များစွာ ကွာဟလှခြင်း မရှိပေမယ့် ဧည့်သည် ဝုဗ်အသင်းက မန်ချက်စတာ ယူနိုက်တက် အသင်းထက် တဦးချင်းရော အသင်းလိုက်မှာပါ ခြေစွမ်းပိုင်း ပိုမို ကောင်းမွန်ခဲ့ကာ ဝါရင့် ကွင်းလယ်လူ မော်တင်ဟိုရဲ့ အဖိုးတန် အနိုင်ဂိုးနဲ့ အနိုင် ၃မှတ်ကို ပိုင်ဆိုင်ခဲ့တာပါ။
မန်ချက်စတာ ယူနိုက်တက်အသင်း အနေနဲ့ ဝုဗ်အသင်းကို ရှုံးနိမ့်ခဲ့ရတဲ့ အဓိက အကြောင်းပြချက်ဟာ ပွဲပန်းမှုကြောင့် ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ ရန်းဂ်နစ်က ၃ရက် အတွင်း ၂ပွဲ ကစားခဲ့ရချိန်မှာ တူညီတဲ့ တိုက်စစ်အတွဲ ၊ ကွင်းလယ်အတွဲကို ထုတ်သုံးခဲ့တာကြောင့် ဝုဗ်အသင်းရဲ့ လျင်မြန်မှုကို မယှဉ်နိုင်ပဲ အရေးနိမ့်ခဲ့ရတာလည်း ဖြစ်ပါတယ်။
Photo Credit: Express
ဝုဗ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာတော့ ရန်းဂ်နစ်က သူတို့အသင်းမှာ လိုအပ်ချက်တွေ များပြားနေဆဲ ဖြစ်ကြောင်း ဖွင့်ဟ ဝန်ခံသွားခဲ့သလို ဝုဗ်အသင်းက သူတို့အသင်းထက် ပိုကောင်းခဲ့တာကြောင့် သူတို့အသင်းရဲ့ ရှုံးပွဲက ထိုက်တန်တဲ့ ရှုံးပွဲတခု ဖြစ်ကြောင်း ဝန်ခံသွားခဲ့ပါတယ်။
ရန်းဂ်နစ်က – “ကျွန်တော်တို့က တဦးချင်းရော ၊ အသင်းလိုက်မှာပါ ကောင်းကောင်း မကစားနိုင်ခဲ့ပါဘူး။ ပထမပိုင်းမှာဆိုရင် ကျွန်တော်တို့က သူတို့အသင်းကို ကိုယ့်ရဲ့ ဂိုးဧရိယာနဲ့ အဝေးမှာ ထားနိုင်ဖို့ ခက်ခဲ့ပါတယ်။ ခွင့်ပြုခဲ့ရတဲ့ ပေးဂိုးမှာ ဆိုရင်လည်း ကျွန်တော်ရဲ့ ဂိုးဧရိယာထဲမှာ ကန်ချက်ကို တားဆီးနိုင်မယ့် ကစားသမားတွေ အလုံအလောက် ရှိပါတယ်။ ဖီးလ်ဂျုံးစ်က ဖြတ်တင်ဘောကို ခေါင်းတိုက် ရှင်းထုတ်နိုင်ခဲ့တယ်။ ဒါပေမယ့် အန်ထွက်လာတဲ့ ဘောလုံးကို မော်တင်ဟိုက အေးအေးဆေးဆေး ၊ ဖိအားပေးမယ့်လူ မရှိပဲ အသာအယာ ကန်သွင်းခွင့် ရသွားခဲ့ပါတယ်။ ဒီရာသီမှာ ကျွန်တော်တို့တွေ ဒီပုံစံမျိုးနဲ့ ဂိုးပေးရတာ အတော်လေးကို များနေပါပြီ။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ရဲ့ ကစားပုံကို ပြောင်းလဲခဲ့လို့ သူတို့ကို ပိုပြီး ထိန်းချုပ်လာနိုင်သလို အခွင့်အရေးတွေ အများအပြားလည်း ခွင့်မပြုခဲ့ရပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ကလည်း ရလာတဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ဘူး။ ဒါကြောင့် ဒီနေ့ပွဲမှာ သူတို့အသင်းက နိုင်ပွဲနဲ့ ထိုက်တန်တယ်လို့ပဲ ပြောရမှာပါ” လို့ ပြောကြားသွားခဲ့တာပါ။