ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ ရန်းဂ်နစ်ကတော့ ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် ယန်းဘွိုင်းအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပွဲထွက်ခွင့် မရသေးတဲ့ အရန် ကစားသမားတွေကို ပွဲထွက်ခွင့် ပေးသွားမယ်လို့ ယမန်နေ့ညမှာ ပြုလုပ်ခဲ့တဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗီလာရီးရဲလ် ၊ အတ္တလန်တာ ၊ ယန်းဘွိုင်း စတဲ့ အသင်းတွေနဲ့ အုပ်စုF အတွင်း ကျရောက်ခဲ့ရပြီး အုပ်စုပွဲစဉ် ၅ပွဲ ကစားပြီးချိန်မှာပဲ ၃ပွဲနိုင် ၁ပွဲသရေ ၁ပွဲရှုံး ဆိုတဲ့ ရလဒ်နဲ့ ၁၆သင်းအဆင့်ဆီ အုပ်စုပထမနေရာနဲ့ တက်လှမ်းနိုင်ခဲ့ပါတယ်။

Photo Credit: Express

ဒါကြောင့်လည်း အုပ်စု နောက်ဆုံးပွဲစဉ် အဖြစ် ကစားရမယ့် ယန်းဘွိုင်းနဲ့ပွဲစဉ်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်း အတွက် အရေးမပါတော့ပေမယ့် သရဲနီတို့ဟာ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်မှာ ယန်းဘွိုင်းအသင်းကို အမှတ်မထင် အရေးနိမ့်ခဲ့တာကြောင့် ဒီနေ့ပွဲစဉ်က သူတို့အသင်း အတွက် လက်စားချေရမယ့် ပွဲတပွဲလည်း ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြသစ် ရန်းဂ်နစ်ကလည်း သူတို့အသင်းဟာ ပထမအကျော့ ရှုံးပွဲအတွက် ယန်းဘွိုင်းအသင်းကို လက်စားချေဖို့ ဆုံးဖြတ်ထားသလို ယန်းဘွိုင်းနဲ့ပွဲစဉ်မှာ အသင်းရဲ့ အရန် ကစားသမား အများစုကို အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

Photo Credit: Express

ရန်းဂ်နစ်က – “ခရစ္စတယ် ပဲလေ့စ်နဲ့ ပွဲစဉ်ကို အရှိန်အဟုန်နဲ့ ကစားခဲ့ရတဲ့ အတွက် ဒီပွဲမှာ တူညီတဲ့ လူစာရင်းမျိုး ထပ်ပြီး အသုံးပြုလို့ မရပါဘူး။ ဒါကြောင့် ကျွန်တော်တို့တွေ ကစားသမား တချို့ကို အလှည့်နဲ့ ကစားခွင့် ပေးရပါမယ်။ ဒါပေမယ့်လည်း ဒီနေ့ပွဲမှာ ကျွန်တော်တို့တွေ အနိုင်ရချင်ပါသေးတယ်။ အာရွန်က ဒီပွဲကို ကစားနိုင်တယ်။ ပြီးတော့ လုခ်ရှောလည်း ကစားနိုင်မယ်လို့ ထင်တယ်။ မာတစ်က အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူပါလိမ့်မယ်။ ပြီးတော့ မာတာနဲ့ လင်ဂတ်တို့ ကစားခွင့် ရမယ်။ ကျွန်တော်တို့က ကစားခွင့် မရသေးတဲ့ ကစားသမားတွေကို ပွဲထွက်ခွင့် ပေးဖို့ ဆုံးဖြတ်ထားပါတယ်။ ဟန်ဒါဆန်နဲ့ ဗန်ဒီဘိခ်တို့ကလည်း ပွဲထွက် လူစာရင်းမှာ ပါဝင်လာပါလိမ့်မယ်။ ဂရင်းဝုဒ်ကလည်း ပြီးခဲ့တဲ့ ပွဲစဉ်တချို့မှာ ကစားခွင့် မရခဲ့လို့ သူ့ကို ကစားခွင့် ပေးပါဦးမယ်” လို့ ပြောကြားသွားခဲ့တာပါ။