ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြ ဖြစ်သူ ရန်းဂ်နစ်ကတော့ မကြာသေးမီကမှ ပြီးဆုံးသွားတဲ့ အာရပ်နိုင်ငံများ ဖလားပြိုင်ပွဲမှာ တူနီးရှားအသင်းနဲ့ အတူ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့ အသင်းရဲ့ လူငယ်ကြယ်ပွင့် ဟန်နီဘယ်ကို အသင်းကြီးရဲ့ လူစာရင်းမှာ ထည့်သွင်း အသုံးပြုတော့မယ်လို့ အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ်-တူနီးရှား ကပြား လူငယ်ကြယ်ပွင့် ဟန်နီဘယ်ဟာ အနာဂတ်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ အတူ တောက်ပလာမယ့် လူငယ်ကြယ်ပွင့်တွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သလို ကွင်းလယ်နေရာစုံမှာ ကစားနိုင်စွမ်း ရှိတဲ့ သူ့ရဲ့ အရည်အချင်းကြောင့်ပဲ ထိပ်တန်း ကွင်းလယ်လူ တဦး ဖြစ်လာလိမ့်မယ်လို့ ဘောလုံးရေးရာ ကျွမ်းကျင်သူတွေရဲ့ ထင်ကြေးပေးမှုကို ခံထားရသူလည်း ဖြစ်ပါတယ်။

Photo Credit: Metro

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဟန်နီဘယ်ကို ပြင်သစ်ကလပ် မိုနာကိုအသင်း ကနေ ၂၀၁၉ခုနှစ်မှာ ပြောင်းရွှေ့ကြေး ယူရို ၁၀သန်း ပေးချေကာ ခေါ်ယူထားခဲ့တာ ဖြစ်ပြီး ဟန်နီဘယ်ကို အသင်းရဲ့ အနာဂတ် စီမံကိန်းတွေမှာ အဓိကကျလာမယ့် ကွင်းလယ်လူ အဖြစ် သတ်မှတ်ထားပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြ အဖြစ် တာဝန်ယူထားတဲ့ ရန်းဂ်နစ်က ဟန်နီဘယ်ကို မကြာခင်မှာပဲ အသင်းရဲ့ လူစာရင်းမှာ မြင်တွေ့ရဖို့ ရှိနေကြောင်း ထုတ်ဖော် ပြောကြားခဲ့တာ ဖြစ်ပြီး ဟန်နီဘယ် တယောက် ဘယ်အချိန်မှာ ကစားခွင့်ရမလဲ ဆိုတာကိုပါ နယူးကာဆယ်အသင်းနဲ့ ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပြသွားခဲ့ပါတယ်။

Photo Credit: Metro

ရန်းဂ်နစ်က – “ဟန်နီဘယ်က အာရပ်နိုင်ငံများ ဖလားပြိုင်ပွဲ ကနေ ပြန်ရောက်လာကတည်းက ကျွန်တော်တို့နဲ့ အတူ လေ့ကျင့်ခန်း ဆင်းနေပါတယ်။ ကံမကောင်းတာ တခုက သူဟာ ဇန်နဝါရီလမှာလည်း အာဖရိကနိုင်ငံများ ဖလားပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ရဖို့ ရှိနေတာပါ။ ကျွန်တော်က သူ ဝင်ကစားခဲ့တဲ့ တူနီးရှားနဲ့ အယ်လ်ဂျီးရီးယားတို့ရဲ့ ဗိုလ်လုပွဲကို သေချာ ကြည့်ခဲ့ပါတယ်။ အဲ့ဒီပွဲမှာ သူဟာ လူစားလဲခံခဲ့ရပေမယ့် သူ့ရဲ့ ခြေစွမ်းတွေက ကျွန်တော့်ကို အံ့အားသင့်စေခဲ့ပါတယ်။ ကျွန်တော်ကတော့ ငါတို့အတွက် နောက်ထပ် အရည်အသွေးမြင့် လူငယ်ကြယ်ပွင့် ကစားသမား တယောက် ရှိနေပြန်ပြီလို့တောင် တွေးမိပါသေးတယ်။ အာဖရိကနိုင်ငံများ ဖလားပြိုင်ပွဲပြီးရင်တော့ သူ့ကို အသင်းရဲ့ လူစာရင်းမှာ အမြဲတမ်း မြင်တွေ့ရတော့မှာပါ” လို့ ပြောကြားသွားခဲ့တာပါ။