MySport Myanmar

မန်ယူကို ကိုင်တွယ်စဉ်က အဲလ်ဗာရက်ဇ်နဲ့ ဂါဗာဒီယို့တို့ကို ခေါ်ယူဖို့ အကြံပြုခဲ့တဲ့ ရန်းနစ်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြဟောင်းကြီး ရန်းနစ်ဟာ မန်ယူနိုက်တက်အသင်းကို ကိုင်တွယ်ခဲ့စဉ်တုန်းက အခုလက်ရှိ မန်ချက်စတာစီးတီး ကစားသမားဖြစ်နေတဲ့ ယူလီယန်အဲလ်ဗာရက်ဇ်ကို ရေးဗားပလိတ်အသင်းကနေ ခေါ်ယူဖို့နဲ့ လိုက်ပ်ဇစ် နောက်ခံလူ ယို့စ်ကိုဂါဗာဒီယို့ကို မဖြစ်မနေ အရခေါ်ယူသွားဖို့ အကြံပြု တောင်းဆိုခဲ့သေးတယ်လို့ သိရပါတယ်။

Photo Credit : Marca

ဂျာမန်လူမျိုး ဝါရင့်ဘောလုံးနည်းပြကြီး ရန်းနစ်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ အစပိုင်းမှာပဲ အသင်းရဲ့ ယာယီနည်းပြအဖြစ် စတင် ကိုင်တွယ်ခဲ့တာဖြစ်ပြီး သူတာဝန်ယူနေစဉ်အတွင်းမှာ အသင်းရဲ့ ရလဒ်တွေက တိုးတတ်ကောင်းမွန်လာခြင်း မရှိခဲ့ပေမယ့် အသင်းအတွက် ခေါ်ယူသင့်တဲ့ ကစားသမားတွေကို အကြံပြုခဲ့ရာမှာတော့ တကယ်ကို ခေါ်ယူသင့်တဲ့ ကစားသမားတွေ ဖြစ်နေတာကို တွေ့မြင်ခဲ့ရပါတယ်။ ရန်းနစ်ဟာ ဆောင်းရာသီ ဈေးကွက် စတင်ဖွင့်လှစ်ချိန်မှာ အာဂျင်တီးနား လူငယ် တိုက်စစ်ကစားသမား အဲလ်ဗာရက်ဇ်ကို ရေးဗားပလိတ်အသင်းကနေ ခေါ်ယူသွားဖို့ အသင်းဘုတ်အဖွဲ့ဝင်တွေကို တင်ပြခဲ့ပေမယ့် မန်ယူနိုက်တက်ဘက်က လှုပ်ရှားမှု မရှိခဲ့လို့ နောက်ဆုံးမှာ မန်စီးတီးအသင်းက လက်ဦးမှု ရရှိသွားခဲ့ပါတယ်။

Photo Credit : Evening Standard

ဒါ့အပြင် ရန်းနစ်ဟာ သူရဲ့အသင်းဟောင်းဖြစ်တဲ့ လိုက်ပ်ဇစ်အသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ နောက်ခံလူ ဂါဗာဒီယိုနဲ့ ကွင်းလယ်လူ လိုင်းမားတို့ကို အခု နွေဈေးကွက်အတွင်းမှာ ခေါ်ယူသွားဖို့ အသင်းတာဝန်ရှိသူတွေကို အကြံပြုခဲ့တယ်လို့ သိရပါတယ်။ ခံစစ်ပိုင်း ယိုယွင်းချက်တွေ ရှိနေရတဲ့ မန်ယူနိုက်တက်အနေနဲ့ ခရိုအေးရှားလက်ရွေးစင် လိုက်ပ်ဇစ် နောက်ခံလူ ဂါဗာဒီယို့ကို မဖြစ်မနေ ဝယ်ယူသင့်တယ်လို့လည်း ရန်းနစ်က တိုက်တွန်းခဲ့ပါတယ်။ ဒါတွေတင်မကသေးပဲ နောက်ထပ် ဘွန်ဒစ်လီဂါ စူပါစတားတွေဖြစ်တဲ့ အာလင်းဟော်လန်းနဲ့ အန်ကွန်ကူတို့နဲ့ ပတ်သက်ပြီးတော့လည်း ရန်းနစ်က အသင်းကို အကြံပေးပြုမှုတွေလည်း လုပ်ဆောင်ခဲ့ပါသေးတယ်။ ရန်းနစ်က လိုက်ပ်ဇစ်ရဲ့ တိုက်စစ်ကစားသမား အန်ကွန်ကူရဲ့ ခြေစွမ်းတွေကို လေ့လာ အကဲခတ်ဖို့ အကြံပေးခဲ့သလို ခေါ်ယူနိုင်ဖို့ အခွင့်အလမ်းတွေ အမြဲလိုလို အလှမ်းဝေးနေရတဲ့ နော်ဝေ တိုက်စစ်ကစားသမား ဟော်လန်းကိုလည်း သူရဲ့ စာချုပ်ဖျက်သိမ်းကြေး စတင် အသက်ဝင်တော့မယ့် နှစ်ဖြစ်တာကြောင့် ရသလောက် ကြိုးပမ်းလုပ်ဆောင်ဖို့ပါ အသင်းကို တိုက်တွန်းခဲ့ပါသေးတယ်။ ရန်းနစ် အကြံပြုခဲ့တဲ့ ကစားသမားတွေထဲမှာ အဲလ်ဗာရက်ဇ်နဲ့ ဟော်လန်းတို့ကို မြို့ခံပြိုင်ဘက်တွေဆီ ရောက်ရှိနေပြီ ဖြစ်သလို ကျန်တဲ့ ကစားသမားတွေကလည်း ဒီလို အချိန်မှာ ခေါ်ယူဖို့ ခက်ခဲသွားခဲ့ရပြီ ဖြစ်ပါတယ်။

Exit mobile version