MySport Myanmar

အသက်လက်တီကိုနဲ့ ပွဲစဉ်မှာ ရော်နယ်လ်ဒိုရဲ့ ဟက်ထရစ်ကို ထပ်မြင်ရနိုင်တယ်လို့ ရန်းနစ် ပြောဆို

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ ရန်းနစ်က အသင်းရဲ့ အဓိက ကစားသမားကြီးဖြစ်တဲ့ ခရစ္စတီယာနိုရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ စပါးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ခြေစွမ်းပြပြီး ဟက်ထရစ် သွင်းယူနိုင်ခဲ့သလို အသက်လက်တီကိုမက်ဒရစ်အသင်းနဲ့ အိုးထရက်ဖို့ဒ်မှာ ရင်ဆိုင်သွားရမယ့် ပွဲစဉ်မှာလည်း သူရဲ့ နောက်ထပ် ဟက်ထရစ်ကိုပါ မြင်တွေ့ရနိုင်တယ်လို့ အခိုင်အမာ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Sky Sports

ယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် စပိန်ထိပ်သီးကလပ် အသက်လက်တီကိုအသင်းနဲ့ ရှုံးထွက် (၁၆)သင်းအဆင့်ကို စပိန်မြေမှာ ကစားထားခဲ့ရာ တစ်ဖက်တစ်ဂိုးစီ သရေကျထားခဲ့လို့ အခု အိုးထရက်ဖို့ဒ်မှာ နောက်တစ်ဆင့် တတ်လှမ်းနိုင်ရေးအတွက် အဆုံးအဖြတ် ခံယူသွားရတော့မှာ ဖြစ်ပါတယ်။ ဒီပွဲစဉ် မတိုင်ခင်မှာ ယူနိုက်တက်ရဲ့ GOAT ကြီး ရော်နယ်လ်ဒိုက စပါးနဲ့ ပွဲစဉ်မှာ သူရဲ့ အတောက်ပဆုံး ပုံစံကောင်းတစ်ခုကို ပြသခဲ့ပြီး ဟက်ထရစ်ပါ သွင်းယူခဲ့တာကြောင့် တီကိုနဲ့တွေ့တိုင်း ဂိုးမြူးတတ်လေ့ရှိတဲ့ ရော်နယ်လ်ဒိုကို အခုတစ်ကြိမ် ထပ်မံတွေ့ဆုံမှုမှာပါ ခြေစွမ်းထပ်ပြနိုင်လိမ့်မယ်လို့ ယုံကြည်နေကြပါတယ်။

Photo Credit : Manchester Evening News

ရော်နယ်လ်ဒိုနဲ့ ပတ်သက်ပြီး ရန်းနစ်က ” သူ နောက်ထပ် ဟက်ထရစ်ဂိုးကို အသက်လက်တီကိုနဲ့ပွဲမှာ တွေ့မြင်ရနိုင်ပါတယ်။ သူရဲ့ အလုံးစုံ စွမ်းဆောင်ရည်က အလွန်ကောင်းမွန်ခဲ့တယ်။ မနက်ဖြန်လည်း သူ့ဆီကနေ ဒီလိုပုံစံမျိုး ရရှိလာဖို့ ကျွန်တော် မျှော်လင့်မိတယ်။ ဒါပေမယ့် ဒါက ခရစ္စတီယာနိုနဲ့ပဲ ပတ်သက်နေတာတော့ မဟုတ်ပါဘူး။ အသင်းနဲ့လည်း သက်ဆိုင်နေပါတယ်။ တစ်ဦးတစ်ယောက်တည်းကိုပဲ အားထားတာမျိုးကလည်း ကျွန်တော်တို့ မလုပ်သင့်တဲ့ အရာပါ။ ကျွန်တော်တို့က အသင်းတစ်သင်း ဖြစ်ပြီးတော့ စနေနေ့က ပွဲကိုလည်း အနိုင်ရယူချင်ခဲ့တဲ့ အသင်းပါ။ ကျွန်တော်တို့ကို အားပေးနေတဲ့ ပရိသတ်တွေကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍာကနေ ပါဝင်ခဲံ့သလို ကျွန်တော်တို့ ဘယ်လောက်တောင် အနိုင်ရချင်တယ်ဆိုတာကို နားလည်ခဲ့တယ်။ မနက်ဖြန်လည်း အလားတူပဲ ဖြစ်လာပါလိမ့်မယ်။ တခြားအသင်းမှာ ဘောလုံးရှိနေတာကို အသက်လက်တီကိုလို အသင်းမျိုးနဲ့ ယှဉ်ကစားရဖို့က ပိုပြီးအရေးကြီးပါတယ်။ သူတို့ရဲ့ ပြီးခဲ့တဲ့ နောက်ဆုံး(၅)ပွဲမှာဆိုရင် ဘောလုံးပိုင်ဆိုင်မှုတွေက (၅၀)%အောက်သာပဲ ရှိခဲ့ရတယ်။ ဒါကို ကျွန်တော်တို့ ပိုပြီးသတိထားမိရမယ်။ ကျွန်တော်တို့ လုံးဝ ဂိုးပေးလို့ အရဘူးဆိုတာကို သေချာအောင် လုပ်ဖို့ လိုပါမယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Exit mobile version