ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ယာယီနည်းပြလည်းဖြစ် အားကစား ဒါရိုက်တာလည်း ဖြစ်တဲ့ ရန်းဂ်နစ်ဟာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အပြောင်းအလဲ ပြုလုပ်ဖို့ အတွက် ချယ်လ်ဆီးအသင်းမှာ ရုန်းကန်နေရတဲ့ သူ့ရဲ့ တပည့်ဟောင်း တီမိုဝါနာကို ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း ဂျာမန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၆၃နှစ် အရွယ် ဝါရင့် ဂျာမန်လူမျိုး နည်းပြဖြစ်သူ ရန်းဂ်နစ်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကို ယခုနှစ် ဘောလုံးရာသီကုန် အထိ ယာယီ ကိုင်တွယ်မယ့်သူ ဖြစ်ပြီး ရာသီကုန်ရင်တော့ နည်းပြသစ် တဦးကို ရှာဖွေ ခန့်အပ်ကာ အသင်းရဲ့ အပြောင်းအရွှေ့ စီမံကိန်းတွေကို ကိုယ်တိုင် ဦးဆောင်ရမယ့်သူပါ။

Photo Credit: Team Talk

ဒါကြောင့်ပဲ ရန်းဂ်နစ်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ စာချုပ် ချုပ်ဆိုပြီးနောက် အသင်းကို အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ဖို့ အမြန်ဆုံး စီစဉ်နေပြီး ဆဲလ်ဘက်အသင်းနဲ့ လိုက်ပ်ဇက်အသင်းကို သူ တာဝန်ယူခဲ့စဉ်က မြေတောင်မြှောက်ပေးခဲ့တဲ့ ကစားသမား အများစုကို မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ခေါ်ယူဖို့လည်း ပြင်ဆင်နေပါတယ်။

နာမည်ကြီး ဂျာမန် အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Bild သတင်းဌာနရဲ့ ဖော်ပြချက်အရ ရန်းဂ်နစ်ဟာ ယခုအချိန်မှာ သူ့ရဲ့ ကစားသမားဟောင်းထဲက တချို့ကို ခေါ်ယူဖို့ စုံစမ်းမှုတွေ ပြုလုပ်နေပြီး အဆိုပါ ကစားသမားတွေထဲမှာ ချယ်လ်ဆီးအသင်းနဲ့ အတူ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရတဲ့ ဂျာမဏီ လက်ရွေးစင် တိုက်စစ်မှူး တီမိုဝါနာလည်း ပါဝင်နေကြောင်း သိရပါတယ်။

Photo Credit: Team Talk

အသက် ၂၅နှစ် အရွယ် ဂျာမဏီ လက်ရွေးစင် တိုက်စစ်မှူး တီမိုဝါနာဟာ ရန်းဂ်နစ် တယောက် လိုက်ပ်ဇက်အသင်းကို ကိုင်တွယ်စဉ်မှာ အသင်းရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ခြေစွမ်းပြနိုင်ခဲ့သူ တဦး ဖြစ်သလို မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ကစားဖို့ စိတ်ကူးအိမ်မက် ရှိကြောင်း ဖွင့်ဟ ဝန်ခံထားသူလည်း ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းကလည်း အသင်းနဲ့ အသားမကျတဲ့ တီမိုဝါနာကို ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း ဝန်းကျင် ရရှိရုံနဲ့ ရောင်းချဖို့ စဉ်းစားထားပြီး နာမည်ကြီး ဂျာမန် အခြေစိုက် သတင်းထောက် Cristian Falkရဲ့ ဖော်ပြချက် အရ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ တီမိုဝါနာကို ခေါ်ယူဖို့ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ကျိန်းသေပေါက် ကြိုးစားဖွယ် ရှိကြောင်း သိထားရပါတယ်။