ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ ရန်းဂ်နစ် ကတော့ သူတို့အသင်းဟာ ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ ထိပ်တန်း အထောင်တိုက်စစ်မှူး တဦးကို ခေါ်ယူပြီး အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အား ဖြည့်တင်းမှုတွေ ပြုလုပ်ဖို့ စီစဉ်နေကြောင်း အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ တိုက်စစ်ပိုင်းမှာ မားကပ် ရက်ဖို့ဒ် ၊ ဂရင်းဝုဒ် ၊ ကာဗာနီ ၊ ရိုနယ်ဒို စတဲ့ တိုက်စစ်မှူးတွေကို ပိုင်ဆိုင်ထားပေမယ့် အထောင် တိုက်စစ်မှူးနေရာမှာ ကစားနိုင်စွမ်း ရှိသူက ကာဗာနီနဲ့ ရိုနယ်ဒို နှစ်ဦးထဲသာ ရှိသလို အဆိုပါ ကစားသမား နှစ်ဦးစလုံးကလည်း အရွယ်လွန် တိုက်စစ်မှူးတွေ ဖြစ်တာကြောင့် မန်ချက်စတာ ယူနိုက်တက်အနေနဲ့ အရည်အသွေးမြင့် အထောင်တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ မဖြစ်မနေ လိုအပ်နေပါတယ်။

Photo Credit: Daily Mail

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်ဟာ ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဒေါ့မွန်ရဲ့ အဓိက အထောင် တိုက်စစ်မှူး ဖြစ်သူ အာလင်း ဟာလန်းကို ခေါ်ယူဖို့ အပြင်းအထန် ကြိုးစား အားထုတ်နေပေမယ့် အသင်းရဲ့ တာဝန်ရှိသူတွေနဲ့ ဟာလန်းရဲ့ အေးဂျင့်ဖြစ်သူ ရိုင်းအိုလာတို့ ကြားမှာ ဆက်ဆံရေး မပြေလည်တာကြောင့် ဟာလန်းက မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့လာဖို့ အခွင့်အရေး နည်းပါးနေပါတယ်။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ ရက်ဖ် ရန်းဂ်နစ်ကတော့ သူတို့အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အထောင် တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ စီစဉ်ထားပြီး အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့က အရေးကြီးကြောင်းလည်း ဆောက်သမ်တန်နဲ့ ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Daily Mail

ရန်းဂ်နစ်က – “ကျွန်တော်တို့အသင်းက ထိပ်တန်း အထောင်တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ လိုအပ်နေပြီ ဆိုတာ သိသာပါတယ်။ ကာဗာနီက ဒီရာသီအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးဖို့ ရှိနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့က အသင်းအတွက် အဖြစ်နိုင်ဆုံးနဲ့ အရည်အသွေးမြင့် အထောင် တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ လိုအပ်ပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။