ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ ရက်ဖ် ရန်းဂ်နစ်ကတော့ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂ပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးခဲ့ပြီးနောက် ဒီရာသီမှာ သူတို့အသင်းရဲ့ အမြင့်မားဆုံး ရည်မှန်းချက်ဟာ အဆင့်၄နေရာကို သိမ်းပိုက်နိုင်ဖို့ ဖြစ်ကြောင်း ဝန်ခံစကား ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ရဲ့ လူအင်အား အတောင့်တင်းဆုံး အသင်း၄သင်းထဲက တသင်း ဖြစ်ပေမယ့် လက်ရှိအချိန် အထိ ပုံမှန် ခြေစွမ်းကောင်း တရပ်ကို ပြသထားနိုင်ခြင်း မရှိသလို အဓိက ကစားသမားတွေ ဖြစ်တဲ့ ရိုနယ်ဒို ၊ ဖာနန်ဒက် ၊ ပေါ့ဘာ ၊ ရက်ဖို့ဒ် ၊ မက်ဂွိုင်းယား စတဲ့ ကစားသမားတွေရဲ့ ခြေစွမ်းကလည်း တနေ့ရွှေ ၊ တနေ့ငွေ ဖြစ်နေပါတယ်။

Photo Credit: Standard

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ဟာ မန်ချက်စတာ စီးတီး ၊ လီဗာပူးနဲ့ ချယ်လ်ဆီးတို့ရဲ့နောက် အဆင့်၄နေရာ အတွက် ဝက်စ်ဟမ်း ၊ အာဆင်နယ် ၊ စပါး စတဲ့ အသင်းသုံးသင်းနဲ့ ယှဉ်ပြိုင်နေရတဲ့ အနေအထားကို ရောက်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်နှစ်ပွဲမှာ ဘန်လေနဲ့ ဆောက်သမ်တန်တို့ကို ၁-၁ ဆိုတဲ့ သရေရလဒ်တွေသာ ထွက်ပေါ်အောင် ကစားနိုင်ခဲ့တာကြောင့် ယနေ့ညမှာ ယှဉ်ပြိုင် ကစားရမယ့် ဘရိုက်တန်နဲ့ ပွဲစဉ်မှာ မဖြစ်မနေ အနိုင်ကစားရဖို့ ရှိနေပြီး မန်ချက်စတာ ယူနိုက်တက် နည်းပြ ရန်းဂ်နစ် ကတော့ သူတို့အသင်းရဲ့ ဒီရာသီ အမြင့်မားဆုံး ရည်ရွယ်ချက်ဟာ အဆင့်၄နေရာကို သိမ်းပိုက်နိုင်ဖို့ ဖြစ်ကြောင်း ဘရိုက်တန်နဲ့ ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Standard

ရန်းဂ်နစ်က – “အခုချိန်မှာ ကျွန်တော်တို့အသင်း အမှန်တကယ် လိုအပ်နေတဲ့ အရာတခုက အဆင့်၄နဲ့ ရာသီသိမ်းနိုင်ဖို့ပါပဲ။ ဒါက ပြည်တွင်းမှာ ဆိုရင် ကျွန်တော်တို့ အသင်းအတွက် အမြင့်မားဆုံး ရနိုင်တဲ့ အောင်မြင်မှုလို့လည်း ထင်ပါတယ်။ ပြည်တွင်းလိဂ်မှာ ဆိုရင် ကျွန်တော်တို့ရဲ့ ပစ်မှတ်က အဆင့်၄ပါ။ ဒါက ကျွန်တော်တို့ရဲ့ ပန်းတိုင်လည်း ဖြစ်ပါတယ်။ ကျွန်တော်တို့တွေ အဲ့ဒါကို ရအောင် ယူနိုင်ဖို့ လိုပါမယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။