ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ ရက်ဖ် ရန်းဂ်နစ်ဟာ ယခုနှစ် ဘောလုံးရာသီ အစကမှ အသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ ဝါရင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုရဲ့ ခြေစွမ်းကျဆင်းလာမှုကြောင့် လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ နာပိုလီ တိုက်စစ်မှူး အိုဆီမန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ရန်းဂ်နစ်ကို ယာယီနည်းပြ အဖြစ် ခန့်အပ်ခဲ့ပြီးနောက် ကစားပုံ ပိုမို ကောင်းခဲ့သလို ဂိုးသွင်းနိုင်တဲ့ အခွင့်အရေးတွေလည်း အများအပြား ဖန်တီးနိုင်ခဲ့ပေမယ့် တိုက်စစ်ပိုင်းက အဆုံးသတ် ညံ့ဖျင်းနေတာကြောင့် နိုင်သင့်တဲ့ပွဲတွေကို အနိုင်မရခဲ့တဲ့ အခြေအနေတွေလည်း ရှိခဲ့ပါတယ်။

Photo Credit: Daily Mail

နောက်ဆုံး ယှဉ်ပြိုင် ကစားခဲ့တဲ့ ဝက်ဖို့ဒ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာလည်း မန်ချက်စတာ ယူနိုက်တက်ဟာ ဂိုးသွင်းနိုင်တဲ့ အခွင့်အရေးတွေ ၂၂ကြိမ် အထိ ရခဲ့ပေမယ့် ရိုနယ်ဒို ဦးဆောင်နေတဲ့ တိုက်စစ်ပိုင်းက အပိုင် ဂိုးသွင်းခွင့်တွေကို ဖြုန်းတီးခဲ့တာကြောင့်ပဲ ၀-၀ ဆိုတဲ့ ရလဒ်နဲ့ သရေကျခဲ့ရပါတယ်။

အဆိုပါ ပွဲစဉ်အပြီးမှာတော့ မန်ချက်စတာ ယူနိုက်တက်နည်းပြ ရန်းဂ်နစ်က လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ သူတို့အနေနဲ့ မဖြစ်မနေ အထောင် တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ လိုအပ်နေကြောင်း သဘောပေါက်ခဲ့ပြီး ရိုနယ်ဒိုဟာ သူတို့အသင်းကို ဦးဆောင်နိုင်စွမ်း မရှိတော့ဘူးလို့လည်း ယူနေကြောင်း မန်ချက်စတာ ယူနိုက်တက်နဲ့ နီးစပ်သူတွေက ဆိုပါတယ်။

Photo Credit: Daily Mail

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sports Witness သတင်းဌာနရဲ့ ဖော်ပြချက်အရ ရန်းဂ်နစ်ဟာ ယခုနှစ် ဘောလုံးရာသီမှာ နာပိုလီနဲ့အတူ တောက်ပနေတဲ့ တိုက်စစ်မှူး အိုဆီမန်ကို ခေါ်ယူဖို့ မျက်စိကျနေပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ ကင်းထောက်တွေကိုလည်း အိုဆီမန်ရဲ့ ခြေစွမ်းကို လေ့လာဖို့ စေလွှတ်နေကြောင်း သိရပါတယ်။

အသက် ၂၃နှစ် အရွယ် နိုင်ဂျီးရီးယား လက်ရွေးစင် တိုက်စစ်မှူး အိုဆီမန်ဟာ အီတလီ စီးရီးအေရဲ့ အကောင်းဆုံး အထောင်တိုက်စစ်မှူး ၅ဦး စာရင်းဝင်သူ ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာ နာပိုလီအတွက် ပြိုင်ပွဲစုံမှာ ၂၂ပွဲ ပါဝင် ကစားထားရာ သွင်းဂိုး ၁၁ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်ထားနိုင်ပြီး နာပိုလီဘက်က အိုဆီမန် အတွက် ပြောင်းရွှေ့ကြေး ယူရို ၆၀သန်း ဝန်းကျင် လိုချင်နေပါတယ်။