ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြသစ် ရန်းဂ်နစ်ဟာ လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ သူ့ရဲ့ အသင်းဟောင်း လိုက်ပ်ဇက်အသင်းရဲ့ ကွင်းလယ်လူ ဟိုင်ဒရာကို ခေါ်ယူဖို့ စီစဉ်နေကြောင်း ဗြိတိန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၆၃နှစ် အရွယ် ဂျာမဏီလူမျိုး နည်းပြဖြစ်သူ ရက်ဖ် ရန်းဂ်နစ်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ယာယီနည်းပြ အဖြစ် ၆လ လုပ်ကိုင်မှာ ဖြစ်ပြီး နည်းပြသက်တမ်း ကုန်ဆုံးသွားရင်တော့ အသင်းရဲ့ အကြံပေးပုဂ္ဂိုလ် အဖြစ် ၂နှစ် ဆက်လက် လုပ်ကိုင်သွားမှာပဲ ဖြစ်ပါတယ်။

Photo Credit: Daily Mail

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ရန်းဂ်နစ်ရဲ့ အကြံပေးရာထူးကို တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးပေမယ့် မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ နီးစပ်သူတွေ ကတော့ ရန်းဂ်နစ်ဟာ အားကစားဒါရိုက်တာ ရာထူးကို ရယူဖို့ ရှိနေကာ ရန်းဂ်နစ်ရဲ့ အဓိက တာဝန်ဟာ အသင်းရဲ့ နည်းပြသစ်ကို ရှာဖွေဖို့နဲ့ အသင်းကို လူအင်အား ဖြည့်တင်းမှုတွေ ပြုလုပ်ဖို့ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားထားကြပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကင်းထောက်တွေဟာ ရန်းဂ်နစ်ရဲ့ ခိုင်းစေချက်အရ ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ လိုက်ပ်ဇက်အသင်းနဲ့ တောက်ပလာတဲ့ လူငယ် ကွင်းလယ်ကြယ်ပွင့် ဟိုင်ဒရာကို စောင့်ကြည့် လေ့လာမှုတွေ ပြုလုပ်နေပြီး ရန်းဂ်နစ်က ဟိုင်ဒရာကို လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့ ရာသီမှာ ခေါ်ယူဖို့ စီစဉ်နေကြောင်း သိရပါတယ်။

Photo Credit: Daily Mail

အသက် ၂၃နှစ် အရွယ် မာလီလက်ရွေးစင် ကွင်းလယ်လူ ဟိုင်ဒရာဟာ ဗဟိုကွင်းလယ်နဲ့ ကွင်းလယ်ခံစစ် နေရာတွေမှာ ကစားနိုင်စွမ်း ရှိသူ တဦး ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ၁၇ပွဲ ပါဝင် ကစားထားရာ သွင်းဂိုး ၃ဂိုး အထိ သွင်းယူထားနိုင်ပါတယ်။

ဟိုင်ဒရာဟာ လုပ်အားနှုန်း မြင့်မားတဲ့ ကွင်းလယ်လူ တဦး ဖြစ်သလို မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အမာခံ ပရိသတ် တဦးလည်း ဖြစ်တာကြောင့် ရန်းဂ်နစ်က သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဟိုင်ဒရာကို ခေါ်ယူနိုင်ဖို့ အတွက် ပြောင်းရွှေ့ကြေး ယူရို ၃၀သန်း ဝန်းကျင် သုံးစွဲရနိုင်ပါတယ်။