ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြ ဖြစ်သူ ရန်းဂ်နစ်ကတော့ ရေးဗားပလိတ်အသင်းရဲ့ တိုက်စစ်မှူး တဦး ဖြစ်သူ အယ်ဗာရက်ကို ခေါ်ယူပေးဖို့ အသင်းရဲ့ ဘုတ်အဖွဲ့ထံ တောင်းဆိုလိုက်ကြောင်း နာမည်ကြီး တောင်အမေရိက အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ အာဂျင်တီးနား လက်ရွေးစင် လူငယ် တိုက်စစ်မှူး အယ်ဗာရက်ဟာ လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ အသင်းပြောင်းဖို့ တာစူနေသူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် အပါအဝင် ဥရောပ ထိပ်တန်းအသင်းတွေက အယ်ဗာရက်ကို ခေါ်ယူဖို့ စောင့်ကြည့်နေကြပါတယ်။

Photo Credit: Marca

ရေးဗားပလိတ်အသင်းရဲ့ အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ အယ်ဗာရက်ဟာ မြန်နှုန်းမြင့် တိုက်စစ်မှူး တဦး ဖြစ်ပြီး ကိုယ်တိုင်လည်း ဂိုးသွင်းယူနိုင်သလို အသင်းဖော်တွေ ဂိုးရရှိအောင်လည်း ဂိုးဖန်တီးမှုတွေ များစွာ ပြုလုပ်နေတာကြောင့် မြန်နှုန်းမြင့် ကစားဟန်ကို အခြေပြု ကစားလေ့ ရှိတဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ယာယီနည်းပြ ရန်းဂ်နစ်က အယ်ဗာရက်ကို သဘောကျနေတာပါ။

အယ်ဗာရက်ဟာ ပြီးခဲ့တဲ့ အာဂျင်တီးနား ဘောလုံးရာသီမှာ ရေးဗားပလိတ်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၄၆ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၂၆ဂိုး အထိ သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁၅ကြိမ် အထိ ပြုလုပ်ထားနိုင်သူ ဖြစ်တာကြောင့် ရေးဗားပလိတ်အသင်းက အယ်ဗာရက်ကို အသင်းမှာပဲ နောက်ထပ် ၁ရာသီ ထပ်မံ ထိန်းသိမ်းချင်နေပေမယ့် အယ်ဗာရက်ကတော့ အသင်းပြောင်းဖို့ စိတ်အားထက်သန် နေပါတယ်။

Photo Credit: Marca

နာမည်ကြီး တောင်အမေရိက အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ TNT Sports သတင်းဌာနရဲ့ ဖော်ပြချက် အရ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တာဝန်ရှိသူတွေက အယ်ဗာရက်ရဲ့ ခြေစွမ်းကို အနီးကပ် အကဲခတ်ဖို့ ကင်းထောက်နှစ်ဦး စေလွှတ်ထားပြီး အယ်ဗာရက်ကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှ ခေါ်ယူဖို့ စီစဉ်ထားပေမယ့် မန်ချက်စတာ ယူနိုက်တက်ရဲ့ ယာယီနည်းပြ ရန်းဂ်နစ်ကတော့ အယ်ဗာရက်ကို ဇန်နဝါရီလ အပြောင်းအရွှေ့မှာပဲ ခေါ်ယူပေးဖို့ တိုက်တွန်းနေကြောင်း သိရပါတယ်။

အယ်ဗာရက်ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တခုမှာ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး ဆုံးဖြတ်ချက်ကို လာမယ့် ဇန်နဝါရီလထဲမှာ ချမှတ်ဖို့ ရှိကြောင်း အတည်ပြု ပြောကြားထားကာ အယ်ဗာရက်ရဲ့ စာချုပ်ဖျက်သိမ်းကြေးက ယူရို ၂၀သန်း ရှိပါတယ်။