မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းအတွင်းမှာ ပြသာနာရပ်ပေါင်းများစွာနဲ့ ရင်ဆိုင်နေရပြီး မကြာသေးခင်ကမှ ယူနိုက်တက်အသင်းခေါင်းဆောင် မက်ဂွိုင်းရားကို အသင်းပရိသတ်လို့ ယူဆရသူတစ်ဦးက အသင်းကနေ မထွက်ခွာဘူးဆိုရင် နေအိမ်ကို ဗုံးဖောက်ခွဲပစ်မယ်လို့ပါ ခြိမ်းခြောက်ခဲ့တဲ့အပြင် နောက်ထပ် ပရိသတ်တစ်ယောက်ကလည်း ယူနိုက်တက်ရဲ့ instagram post မှာ ဗာရန်းကို ဘိုိင်လီနဲ့ တွဲဖက်အသုံးပြုပေးပါလို့ comment ရေးသားထားခြင်းကို ဘိုင်လီကပါ ထောက်ခံတဲ့ ပုံစံနဲ့ reply ပြန်ရေးခဲ့တာကြောင့် ဒီလိုရေးသားမှုကို ယူနိုက်တက်နည်းပြ ရန်းနစ်က စိတ်ပျက်လျက် ရှိနေပါတယ်။

Photo Credit : Goal

အင်္ဂလန်လက်ရွေးစင် ဗဟိုနောက်ခံကစားသမား ဟယ်ရီမက်ဂွိုင်းရားဟာ ဒီနှစ်ဘောလုံးရာသီထဲမှာ ပုံမှန်ခြေစွမ်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရတာကြောင့် အသင်းပရိသတ်တွေရဲ့ ဝေဖန်ပြစ်တင်မှု လှောင်ပြောင်ကဲ့ရဲ့မှုတွေနဲ့ပါ ရင်ဆိုင်နေရပြီး ဒီရက်ပိုင်းအတွင်းမှာပဲ မက်ဂွိုင်းရားနဲ့ သူ့မိသားစုဝင်တွေရဲ့ အသက်အိုးအိမ်ကိုပါ အန္တရာယ်ပြုမယ့် ခြိမ်းခြောက်မှုကြီးတစ်ခုနဲ့ပါ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်း ပရိသတ်တွေက မက်ဂွိုင်းရားရဲ့ ခံစစ်ကစားပုံ အမှားအယွင်းတွေအပေါ် စိတ်ပျက်နေကြပြီး လာမယ့်ပွဲစဉ်တွေအတွင်း မက်ဂွိုင်းယားကို လူစာရင်းကနေ ချန်လှပ်သွားဖို့ပါ ဆက်တိုက် တောင်းဆိုနေကြပါတယ်။

Photo Credit : Instagram

ယူနိုက်တက်အသင်းက ဒဏ်ရာကနေ ပြန်လည်သက်သာတဲ့ ခံစစ်ကစားသမား ဗာရန်း လေ့ကျင့်ခန်းဆင်းနေတဲ့ ဓါတ်ပုံကို ယူနိုက်တက်ရဲ instagram မှာ ဖော်ပြထားခဲ့ရာ ယူနိုက်တက် ပရိသတ်တစ်ဦးက ဗာရန်းနဲ့ဘိုင်လီတို့ကို ပွဲထွက်ကစားသမားတွေအဖြစ် အသုံးပြုပေးလို့ comment ရေးသားထားရာ ဘိုင်လီကိုယ်တိုင်က “Please” ဆိုတဲ့ စာသားကို ရယ်မောနေတဲ့ emoji ရယ် လက်အုပ်ချီနေတဲ့ emoji တွေနဲ့ reply ပြန်လည်ရေးသားသွားခဲ့ပါတယ်။ ဒီလို reply ရေးသားမှုနဲ့ ပတ်သက်ပြီး ယူနိုက်တက်နည်းပြ ရန်းနစ်က “ကျွန်တော် instagram မှာ မရှိပါဘူး။ ဘာတွေဖြစ်မှန်း သေချာမသိရသေးပဲနဲ့ ကျွန်တေ်ာ့ကစားသမားတွေရဲ့အကြောင်းကို သတင်းစာရှင်းလင်းပွဲမှာ မပြောနိုင်ပါဘူး။ ဒါက အဓိပ္ပာယ် မရှိပါဘူး။ ကျွန်တော် ခင်ဗျားကို တစ်ခုတော့ ပြောနိုင်တယ်။ ကျွန်တော့်ဘဝမှာ ဘယ်တော့မှ instagram ရဲဲ့ အစိတ်အပိုင်း ဖြစ်လာမှာ မဟုတ်ဘူး။ တကယ်လို့ ခင်ဗျားပြောတဲ့ အကြောင်းတွေကသာ မှန်နေမယ်ဆိုရင် ဘယ်လိဂ်မှာပဲဖြစ်ဖြစ် ဘောလုံးအသင်း တစ်သင်းအတွင်း မဖြစ်သင့်တဲ့ ကိစ္စပါ” လို့ ပြောဆိုသွားခဲ့ပါတယ်။