ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ ရက်ဖ် ရန်းဂ်နစ် ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘရန့်ဖို့ဒ် ၁-၃ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ လူစားလဲခံရလို့ စိတ်ညစ်သွားတဲ့ အဓိက တိုက်စစ်မှူး ရိုနယ်ဒိုကို ဘယ်လိုချော့ခဲ့ရလဲ ဆိုတာကို ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ်(၂၁) အဖြစ် ဘရန့်ဖို့ဒ်အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ အသင်းရဲ့ အကယ်ဒမီထွက် ကစားသမားတွေ ဖြစ်တဲ့ အီလန်ဂါ ၊ ဂရင်းဝုဒ် ၊ ရက်ဖို့ဒ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၁-၃ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

Photo Credit: Express

အဆိုပါပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်ပိုင်းကို ဒဏ်ရာကြောင့် ပြီးခဲ့တဲ့ ပွဲစဉ်၂ပွဲကို လွဲချော်ခဲ့တဲ့ ဝါရင့် တိုက်စစ်မှူး ရိုနယ်ဒိုက ဦးဆောင်လာခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြဖြစ်သူ ရန်းဂ်နစ်က ဘရန့်ဖို့ဒ်အသင်းကို ၀-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိနေချိန်မှာပဲ ရိုနယ်ဒိုကို နောက်ခံလူ မက်ဂွိုင်းယားနဲ့ လူစားလဲခဲ့ပါတယ်။

လူစားလဲခံရချိန်မှာတော့ ရိုနယ်ဒိုက အတော်လေးကို စိတ်ညစ်သွားခဲ့သလို အရန်ခုံဆီ ပြန်လည် ရောက်ရှိချိန်မှာလည်း အသင်းရဲ့နည်းပြ ရန်းဂ်နစ်နဲ့ စကားစမြည် ပြောခဲ့တာကိုလည်း ရုပ်သံကနေ မြင်တွေ့ခဲ့ရပါတယ်။

ပွဲပြီးဆုံးချိန်မှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ ရန်းဂ်နစ်က ရိုနယ်ဒိုကို ဘာကြောင့် လူစားလဲခဲ့ရလဲ ဆိုတာရယ်နဲ့ ရိုနယ်ဒိုကို ဘယ်လိုချော့ခဲ့လဲ ဆိုတာကိုပါ ပွဲပြီး အင်တာဗျူးမှာ ပြောပြသွားခဲ့ပါတယ်။

Photo Credit: Express

ရန်းဂ်နစ်က – “ရိုနယ်ဒိုက ဘာကြောင့် ကျွန်တော့်ကိုမှ လူစားလဲခဲ့တာလဲ ဆိုပြီး မေးခဲ့ပါတယ်။ ကျွန်တော် ကတော့ ဒီလိုလူစားလဲဟာ အသင်းရဲ့ ကောင်းကျိုးအတွက်ပါ လို့ ပြန်ရှင်းပြခဲ့ပါတယ်။ သူ့ကို လူစားလဲခဲ့ချိန်မှာ သူနဲ့ ပွေ့ဖက်ခွင့် ရမယ်လို့ မမျှော်လင့်ထားပါဘူး။ ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မှူးတွေ လူစားလဲခံရချိန်မှာ ဘယ်လို ခံစားရလဲ ဆိုတာကို ကျွန်တော် သိပါတယ်။ ပြီးတော့ ကျွန်တော်နဲ့ ရိုနယ်ဒိုကြားမှာ ပြဿနာ မရှိပါဘူး။ သူက ဒဏ်ရာကြောင့် တပတ်ခွဲလောက် မလေ့ကျင့်နိုင်ခဲ့ပါဘူး။ ဒါကြောင့် ကျွန်တော်က သူ့ကို လူစားလဲဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဗီလာပါ့တ်ခ်မှာ အနိုင်ကနေ သရေကျခဲ့တဲ့ ဖြစ်ရပ်ကြောင့် ဒီတကြိမ်မှာ ကျွန်တော်က အနိုင်ကို ထိန်းဆော့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ နောက်ခံလူ ၅ယောက် ထားပြီး ကစားဖို့ စီစဉ်ခဲ့တာပါ။ ပြီးတော့ ကျွန်တော်က ရိုနယ်ဒိုကို “မင်းက ရည်မှန်းချက် ကြီးတယ် ဆိုတာ ငါ သိတယ်။ ဒါပေမယ့် ငါ ဘာလို့ မင်းကို လူစားလဲခဲ့လဲ ဆိုတာကို နောက်ထပ် နှစ်အနည်းငယ် ကြာပြီးလို့ မင်း နည်းပြတယောက် ဖြစ်လာတဲ့ အချိန်မှာ သိလိမ့်မယ်” ဆိုပြီး ရှင်းပြခဲ့ပါသေးတယ်” လို့ ပြောပြသွားခဲ့တာပါ။