မကြာသေးမီကမှ အသင်းရဲ့နည်းပြ ဖြစ်သူ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ခဲ့တဲ့ ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဂျာမန် ဘောလုံးလောကရဲ့ အထင်ကရ ပုဂ္ဂိုလ် တဦး ဖြစ်သူ ရန်းဂ်နစ်ကို ယာယီနည်းပြ အဖြစ် ခန့်အပ်ဖို့ ယမန်နေ့ညမှာပဲ သဘောတူညီမှု ရရှိသွားခဲ့ပါတယ်။

ရန်းဂ်နစ်ဟာ ယခုအချိန်မှာ ဘောလုံးလောကရဲ့ အအောင်မြင်ဆုံး နည်းစနစ် တခု ဖြစ်တဲ့ Gegen Pressကို စတင် တီထွင်ခဲ့သူ ဖြစ်ပြီး လီဗာပူးနည်းပြ ကလော့ပ် ၊ ချယ်လ်ဆီးနည်းပြ တူချယ်နဲ့ ဘိုင်ယန်မြူးနစ် နည်းပြ နစ်ဂယ်စမန်းတို့ အပါအဝင် ဂျာမဏီနိုင်ငံရဲ့ နည်းပြအများစုက ရန်းဂ်နစ်ရဲ့ နည်းစနစ်တွေကို သင်ကြားခဲ့ရသူတွေ ဖြစ်ပါတယ်။

Photo Credit: Goal

ဒါကြောင့် ရန်းဂ်နစ်ကို နည်းစနစ်ပိုင်းမှာ ဆရာတဆူ အဖြစ် ကမ္ဘာ့ဘောလုံး ပရိသတ် အများစုက သိထားကြပေမယ့် ပရိသတ် အများစု မသိသေးတဲ့ အချက်တခု ကတော့ ရန်းဂ်နစ်ဟာ ရွက်ပုန်းသီး လူငယ် ကစားသမားတွေကို ရှာဖွေကာ စင်တင်ပေးတဲ့ နေရာမှာလည်း ကျွမ်းကျင်တယ် ဆိုတာပါပဲ။

Gegen Press ကစားပုံကို စတင် တီထွင်ခဲ့သူ ဖြစ်ပေမယ့် ရန်းဂ်နစ်ဟာ နည်းပြတဦး လုပ်ဖို့ထက် အသင်းတသင်းကို စီမံခန့်ခွဲရတဲ့ အားကစား ဒါရိုက်တာ အဖြစ် လုပ်ကိုင်ရတာကို ပိုမို နှစ်ခြိုက်သူ ဖြစ်ပြီး ရက်ဘူးလ် လိုက်ပ်ဇက်အသင်းကိုလည်း ဆယ်စုနှစ် တစုအတွင်း အပျော်တမ်းအဆင့် ကနေ ဘွန်ဒက်လီဂါရဲ့ အင်အားကြီးအသင်း တသင်း ဖြစ်လာအောင်လည်း ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။

Photo Credit: Goal

ရန်းဂ်နစ်ဟာ လိုက်ပ်ဇက်အသင်းနဲ့ ဆဲလ်ဘက်အသင်းတို့ရဲ့ အားကစား ဒါရိုက်တာ အဖြစ် တပြိုင်နက်ထဲ တာဝန်ယူခဲ့စဉ်မှာ ယခု ဥရောပရဲ့ အကောင်းဆုံး ကစားသမားတွေ အဖြစ် ခြေစွမ်းပြနေကြတဲ့ ဟာလန်း ၊ မာနေး ၊ တီမိုဝါနာ ၊ ကိုနာတေး ၊ နာဘီကီတာ ၊ ဆာဘစ်ဇာ စတဲ့ ကစားသမားတွေကို စုစုပေါင်း ပြောင်းရွှေ့ကြေး ယူရို ၃၀သန်းသာ အသုံးပြုကာ ခေါ်ယူခဲ့ပါတယ်။

ဒါ့အပြင် ဟော့ဖန်ဟိမ်းအသင်းကို တာဝန်ယူ ကိုင်တွယ်ခဲ့စဉ်မှာလည်း ရန်းဂ်နစ်ဟာ လက်ရှိ ဂျာမဏီရဲ့ အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံထားရတဲ့ ကင်းမစ်ချ်နဲ့ အကောင်းဆုံး False 9 ကစားသမား အဖြစ် သတ်မှတ်ခံထားရတဲ့ ဖာမီနိုတို့ကို စင်တင်ပေးခဲ့ဖူးပြီး သူတို့နှစ်ဦးကို ပြောင်းရွှေ့ကြေး ယူရို ၄.၇သန်းထဲ အသုံးပြုကာ ခေါ်ယူခဲ့တာလည်း ဖြစ်ပါတယ်။

ဒါကြောင့် ရန်းဂ်နစ်ဟာ နည်းစနစ်ပိုင်းမှာရော ၊ ရွက်ပုန်းသီး ကစားသမားတွေကို စင်တင်ပေးတဲ့ နေရာမှာပါ ထူးချွန် ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တဦး ဖြစ်ကြောင်း ပရိသတ်တွေကို အသိပေး တင်ဆက်လိုက်ပါတယ်။