ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ ရက်ဖ် ရန်းဂ်နစ်ကတော့ လတ်တလောမှာ ခြေစွမ်းကောင်းတွေ ပြသဖို့ ရုန်းကန်နေရတဲ့ တိုက်စစ်မှူး ရက်ဖို့ဒ်ကို အသင်းနဲ့ နောက်ပိုင်းပွဲတွေမှာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ အသင်းဖော် တောင်ပံတိုက်စစ် ကစားသမား ဆန်ချိုကို အတုယူပြီး ကြိုးစား ကစားဖို့ တိုက်တွန်း ပြောဆိုသွားခဲ့ပါတယ်။

အသက် ၂၄နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တိုက်စစ် ကစားသမား မားကပ် ရက်ဖို့ဒ်ဟာ ယခုနှစ် ဘောလုံးရာသီမှာ ဒဏ်ရာပြဿနာတွေနဲ့ မကြာခဏ ဆိုသလို ကြုံတွေ့နေတာကြောင့် ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရသူပါ။

Photo Credit: Express

ရက်ဖို့ဒ်ဟာ ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၂၂ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၅ဂိုးသာ သွင်းယူထားနိုင်ပြီး ဂိုးဖန်တီးမှု ၂ကြိမ်သာ ပြုလုပ်နိုင်ခဲ့သလို နောက်ဆုံး ကစားခဲ့တဲ့ အက်သလက်တီကို မက်ဒရစ်နဲ့ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲစဉ်မှာလည်း ခြေစွမ်း အတော်လေး ဆိုးဝါးခဲ့တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေနဲ့ပါ ရင်ဆိုင်နေရပါတယ်။

မန်ချက်စတာ ယူနိုက်တက် နည်းပြဖြစ်သူ ရန်းဂ်နစ်ကတော့ ရက်ဖို့ဒ်ဟာ အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ကစားသမား တဦး ဖြစ်ပြီး ဝေဖန်မှုတွေကို ကျော်လွှားပြီး တည်ငြိမ်တဲ့ ခြေစွမ်းကောင်းတွေ ဘယ်လို ပြသရမလဲ ဆိုတာ ဆန်ချိုကို နမူနာယူကာ ကြိုးစားသင့်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

Photo Credit: Express

ရန်းဂ်နစ်က – “ကျွန်တော် မှတ်မိသလောက်တော့ လွန်ခဲ့တဲ့ ၆ပတ် ၊ ၇ပတ်လောက်ကလည်း ကျွန်တော်တို့တွေ ဆန်ချိုမှာ ဒီလိုပြဿနာမျိုး ကြုံတွေ့ခဲ့ရပါတယ်။ သူက ဝေဖန်မှုတွေနဲ့ ပြဿနာတွေကို ဘယ်လို ဖြေရှင်းရမလဲ ဆိုတာ အကောင်းဆုံး သက်သေပြနိုင်ခဲ့ပါတယ်။ သူက သူ့ရဲ့ ခြေစွမ်းကောင်းတွေ ပြန်လည် ရရှိလာအောင် ကြိုးစားနိုင်ခဲ့ပြီး မားကပ်ကလည်း သူ့ကို နမူနာယူပြီး ကြိုးစား ကစားသင့်ပါတယ်” လို့ အကြံပေး တိုက်တွန်းသွားခဲ့တာပါ။