MySport Myanmar

ရိုနယ်ဒိုက လာမယ့်ရာသီမှာလည်း အသင်းမှာပဲ ဆက်ရှိသွားမယ်လို့ ရန်းဂ်နစ် အတည်ပြု

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ယာယီနည်းပြ အဖြစ် တာဝန်ယူထားတဲ့ ရက်ဖ် ရန်းဂ်နစ်ကတော့ သူတို့အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုဟာ အသင်းကနေ ထွက်ခွာတော့မယ် ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပေမယ့် လာမယ့် ဘောလုံးရာသီမှာလည်း အသင်း၌သာ ဆက်ရှိနေလိမ့်မယ်လို့ အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် အသင်းခေါင်းဆောင် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုဟာ ယခုနှစ် ဘောလုံးရာသီ အစကမှ အီတလီ ထိပ်သီးကလပ် ဂျူဗင်တပ်ကနေ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၂၅သန်း ဝန်းကျင်နဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး အသင်းနဲ့အတူ ၂၀၂၃ခုနှစ် အထိ သက်တမ်း ရှိမယ့် စာချုပ်တရပ်ကို ချုပ်ဆိုထားသူပါ။

Photo Credit: Standard

ရိုနယ်ဒိုဟာ ကစားသမားဘဝ နောက်ဆုံးအချိန် အကန့်အသတ်ကို ရောက်ရှိနေပေမယ့် လက်ရှိအချိန် အထိ သူ့ရဲ့ ဂိုးသွင်းစွမ်းရည်ကောင်းကို ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံ ၃၈ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂၄ဂိုး အထိ သွင်းယူပေးနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၃ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

ရိုနယ်ဒိုက အသက်အရွယ်နဲ့ မလိုက်အောင် ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့ပေမယ့် သူ့ရဲ့ ကလပ် မန်ချက်စတာ ယူနိုက်တက်ကတော့ ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ဆိုးတွေနဲ့သာ ဆက်တိုက် ဆိုသလို ကြုံတွေ့ခဲ့ရတာကြောင့် လာမယ့် ဘောလုံးရာသီ အတွက် ချန်ပီယံလိဂ်ဝင်ခွင့်ကို မရထားသလို ယူရိုပါလိဂ်ဝင်ခွင့် ရဖို့ကိုတောင် ရုန်းကန်နေရပါတယ်။

Photo Credit: Standard

ဒါကြောင့်ပဲ ကစားသမားဘဝ တခုလုံး ချန်ပီယံလိဂ်ပြိုင်ပွဲကိုသာ ဝင်ရောက် ကစားခဲ့တဲ့ ရိုနယ်ဒိုက မန်ချက်စတာ ယူနိုက်တက်ကနေ ရာသီကုန်ရင် ထွက်ခွာတော့မယ် ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ ရန်းဂ်နစ်ကတော့ ရိုနယ်ဒိုဟာ အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ် ကျန်ရှိနေသေးတာကြောင့် လာမယ့် ဘောလုံးရာသီမှာလည်း အသင်း၌သာ ဆက်ရှိနေဖို့ သေချာနေကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။

ရန်းဂ်နစ်က – “ရိုနယ်ဒိုက ဘာကြောင့် အသင်းကို စွန့်ခွာရမှာလဲဗျာ။ သူက အသင်းနဲ့ နောက်ထပ် ၁နှစ် စာချုပ်သက်တမ်း ကျန်ရှိနေပါသေးတယ်။ ကျွန်တော် သိရသလောက် သူက အသင်းမှာပဲ လာမယ့် ဘောလုံးရာသီကို ဖြတ်သန်းပါလိမ့်မယ်” လို့ အတည်ပြု ပြောကြားသွားခဲ့တာပါ။

Exit mobile version