ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြသစ် ရက်ဖ် ရန်းဂ်နစ် ကတော့ အသင်းရဲ့ ဝါရင့် တိုက်စစ်မှူး ရိုနယ်ဒိုကို အဓိက ထားပြီး အသင်းရဲ့ ကစားကွက်ကို တည်ဆောက်သွားမယ်လို့ သူ့ရဲ့ မန်ချက်စတာ ယူနိုက်တက် နည်းပြဘဝ ပထမဦးဆုံး ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

အသက် ၆၃နှစ် အရွယ် ဂျာမန်လူမျိုး ထိပ်တန်းနည်းပြ တဦး ဖြစ်သူ ရန်းဂ်နစ်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကို ၆လ စာချုပ်နဲ့ ယာယီနည်းပြ အဖြစ် လုပ်ကိုင်ဖို့ ရှိနေပြီး ယာယီနည်းပြသက်တမ်း ကုန်ဆုံးချိန်မှာ အသင်းရဲ့ အားကစား ဒါရိုက်တာ အဖြစ် ပြောင်းလဲလုပ်ကိုင်မယ့်သူလည်း ဖြစ်ပါတယ်။

Photo Credit: Metro

ရန်းဂ်နစ်ဟာ Gegen Press ကစားပုံကို စတင် တီထွင်ခဲ့သူ ဖြစ်တာကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းကိုလည်း သူ့ရဲ့ Pressing အခြေပြု ကစားပုံအတိုင်း သွတ်သွင်းဖို့ ရှိပြီး စည်းကမ်းကြီးတဲ့ ရန်းဂ်နစ်ရဲ့ လက်အောက်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဝါရင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒို တယောက် ရုန်းကန်ရနိုင်တယ် ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

မကြာမီမှာ အသက် ၃၇နှစ် ပြည့်တော့မယ့် ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုဟာ ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၁၂ဂိုး အထိ သွင်းယူပေးထားကာ ဂိုးဖန်တီးမှု ၂ကြိမ် အထိ ပြုလုပ်ထားနိုင်သူ ဖြစ်ပေမယ့် လုပ်အားနှုန်း နည်းပါးတဲ့ ကစားသမား တဦး ဖြစ်တာကြောင့် ရန်းဂ်နစ်ရဲ့ လက်အောက်မှာ ပုံမှန်နေရာ ရဖို့ ရုန်းကန်ရနိုင်တယ် ဆိုပြီး ဘောလုံးသုံးသပ်သူတွေက မှန်းဆထားကြတာပါ။

Photo Credit: Metro

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြသစ် ရန်းဂ်နစ်ကတော့ အဆိုပါ ကောလဟာလ သတင်းတွေကို ငြင်းဆန်ပယ်ချခဲ့ပြီး သူက ရိုနယ်ဒိုကို တည်ပြီး အသင်းရဲ့ ကစားကွက်ကို ဖန်တီးသွားမယ် လို့ အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

ရန်းဂ်နစ်က – “ အာဆင်နယ်နဲ့ပွဲမှာ ရိုနယ်ဒိုရဲ့ ကစားပုံကို မြင်ပြီးတဲ့နောက် ကျွန်တော်က ရိုနယ်ဒိုကို အသင်းရဲ့ အဓိက ကစားသမား အဖြစ် တည်ကစားမယ် ဆိုတဲ့ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ကို ပိုပြီး ခိုင်မာသွားစေပါတယ်။ သူ့ရဲ့ စွမ်းဆောင်ရည်က အသင်းအတွက် အထောက်အကူ ပြုမှာလည်း သေချာပါတယ်။ သူက ပွဲတပွဲကို အဆုံးအဖြတ် ပေးနိုင်တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့က အသင်းတသင်းလုံး တိုးတက်လာအောင် လုပ်ဆောင်ဖို့ လိုပါလိမ့်မယ်။ ကျွန်တော်တို့က ကမ္ဘာပေါ်မှာ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးလိဂ်မှာ ယှဉ်ပြိုင်နေတာကြောင့် ရိုနယ်ဒိုတင်မကပဲ ကျန်တဲ့ ကစားသမားတွေ အားလုံးဆီ ကနေ အကောင်းမွန်ဆုံး စွမ်းဆောင်ရည်ကို လိုအပ်ပါတယ်” လို့ ပြောကြားခဲ့တာပါ။