ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ယာယီနည်းပြ ရက်ဖ် ရန်းဂ်နစ်ကတော့ ဂျာမန် ဘွန်ဒက်လီဂါ နာမည်ကြီးအသင်း လိုက်ပ်ဇက်ရဲ့ အဓိက ကွင်းလယ်ခံစစ် ကစားသမား ဟိုင်ဒရာကို ခေါ်ယူပေးဖို့ အသင်းရဲ့ ဘုတ်အဖွဲ့ထံ အသည်းအသန် တောင်းဆိုနေကြောင်း မန်ချက်စတာမြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဘရူနို ဖာနန်ဒက် ၊ ပေါ့ဘာ ၊ ဗန်ဒီဘိခ် ၊ တော်မီနေး ၊ ဖရက်ဒ်နဲ့ မာတစ်တို့လို ကွင်းလယ်လူတွေကို ပိုင်ဆိုင်ထားပေမယ့် အားလုံးထဲမှာမှ ကွင်းလယ်ခံစစ် နေရာမှာ ကစားနိုင်စွမ်းရှိသူက မာတစ် တဦးထဲသာ ရှိနေတာကြောင့် ရန်းဂ်နစ်က ကွင်းလယ်ခံစစ် အားနည်းချက်ကို ဖာထေးဖို့ သူ့ရဲ့ တပည့်ဟောင်း ဟိုင်ဒရာကို ခေါ်ယူချင်နေတာပါ။

Photo Credit: Express

အသက် ၂၃နှစ် အရွယ် မာလီလက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ဟိုင်ဒရာဟာ ကြံ့ခိုင်မှု အားကောင်းကာ လျင်မြန်တဲ့ ကွင်းလယ်ခံစစ် ကစားသမား တဦး ဖြစ်ပြီး လိုအပ်ရင် လိုအပ်သလို အသင်းအတွက် သွင်းဂိုးတွေကိုလည်း သွင်းယူပေးနိုင်သူ ဖြစ်ပါတယ်။

ဟိုင်ဒရာဟာ ယခုနှစ် ဘောလုံးရာသီမှာ လိုက်ပ်ဇက်အတွက် ပြိုင်ပွဲစုံမှာ စုစုပေါင်း ၁၈ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့သလို အဝါကတ်ပြားလည်း ၁ကြိမ်သာ ပြသခံထားရတာကြောင့် ရန်းဂ်နစ်က ဟိုင်ဒရာကို ဇန်နဝါရီလ အပြောင်းအရွှေ့မှာပဲ ခေါ်ယူပေးဖို့ အသင်းရဲ့ ဘုတ်အဖွဲ့ထံ မကြာခဏ တောင်းဆိုနေတာပါ။

Photo Credit: Express

မန်ချက်စတာ ညနေခင်း သတင်းဌာနရဲ့ ဖော်ပြချက်အရ ရန်းဂ်နစ်ဟာ ဟိုင်ဒရာရဲ့ ခြေစွမ်းကို အလွန် သဘောကျသူ တဦး ဖြစ်သလို ဟိုင်ဒရာကလည်း ငယ်စဉ်ကတည်းက သူ အားပေးခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ချင်နေပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ ဘုတ်အဖွဲ့ကသာ လိုက်ပ်ဇက်နဲ့ ဟိုင်ဒရာရဲ့ ပြောင်းရွှေ့ကြေးကို ညှိနှိုင်းနိုင်ပါက အပြောင်းအရွှေ့ဟာ ခပ်မြန်မြန်ပဲ ဖြစ်ပေါ်လာဖွယ် ရှိကြောင်း သိရပါတယ်။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် ဘုတ်အဖွဲ့ကတော့ အသင်းရဲ့ မြင့်မားလှတဲ့ လုပ်ခလစာ ပေးချေနေရမှုနှုန်းကို လျှော့ချဖို့ လင်ဂတ် ၊ မာရှယ် ၊ ဘိုင်လီ စတဲ့ အရန် ကစားသမားတွေထဲက တဦး (သို့) နှစ်ဦးခန့် ထွက်သွားမှသာ ဟိုင်ဒရာကို ခေါ်ယူဖို့ ကြိုးစားရန် စီစဉ်ထားကြောင်း မန်ချက်စတာ ယူနိုက်တက်နဲ့ နီးစပ်သူတွေက အခိုင်အမာ ဆိုကြပါတယ်။